စာအုပ် pdf ကို ဒီ link မှာဒေါင်းပါ https://my.pcloud.com/publink/show?code=XZ3cuLZTtjfPsbOSmy4PGlFqUMgC4ElgwVk
မဖြူ ကိုဘယ်သူရေးသလဲ
=============
ရခိုင်အမျိုးသားကြီးတစ်ယောက်ရေးတဲ့ မဖြူဝတ္တုကို ဖတ်ဖူးသူ အတော်ရှားလိမ့်မယ်လို့ ထင်ပါတယ်။ တစ်ချို့ကတော့ ကြားဖူးချင်မှ ကြားဖူးကြပါ လိမ့်မယ်။ ဗြိတိသျအင်္ဂလိပ်တွေ မြန်မာပြည်ကို သိမ်းပိုက်ပြီး၊ ဆယ့်သုံးနှစ်ကြာ ၁၈၉၈ ခု၊ ဟံသာဝတီပုံနှစ်တိုက်က ထုတ်ဝေတယ်ဆိုတော့ ယခုဆို နှစ်ပေါင်း ၁၁၈ နှစ်ရှိပါပြီ။ အင်္ဂလိပ်လို ရေးသားခဲ့တာကြောင့် မြန်မာ့အစောဆုံးဝတ္တုအဖြစ် နာမည်မတွင်ခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဂျီမ်းလှကျော် ရေးသားခဲ့တဲ့ ပထမဆုံး မြန်မာကာလပေါ် ဘာသာပြန်ဝတ္တု မောင်ရင်မယ်မရင်မ (၁၉၀၄ ခုနှစ်ထုတ်) ထက် ခြောက်နှစ်စောပါတယ်။ ဦးလတ်ရေးတဲ့ စံပယ်ပင်ဝတ္တုထက် ၁၄ နှစ်စောပါတယ်။ မဖြူဝတ္တုဟာ ရခိုင်တွေရဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဓလေ့ထုံးတမ်းစဉ်လာများကို မီးမောင်းထိုးပြထားပြီး၊ ချစ်သူနှစ်ဦးရဲ့ အချစ်အကြောင်းကို ရေးဖွဲ့ထားတဲ့ အချစ်ဝတ္တုတစ်ပုဒ်ပါ။ ဒါကြောင့် မဖြူ၊ ရခိုင်အချစ်ဝတ္တုတစ်ပုဒ်ဆိုပြီး၊ နာမည်ပေးခဲ့တာဖြစ်ပါလိမ့်မယ်။ စာရေးသူအမည်မပါဘဲ ရခိုင်သားကြီးတစ်ယောက် (an Arakanese) လို့သာ ရေးထားပေမယ့် အင်္ဂလိပ်စာ အသုံးအနှုန်းတွေ၊ ရေးသားရေးဟန်တွေက အဆင့်အတန်း မြင့်မားလှပြီး၊ တကယ့်အင်္ဂလိပ်လူမျိုး ခေတ်ပညာတက် စာရေးဆရာတစ်ယောက် ရေးသားထားသကဲသို့ ညက်ညောပြေပြစ်လှပါတယ်။ သီဖွဲ့ရေးဟန်တွေအကြောင်း မပြောခင်၊ ဇတ်လမ်းအကျည်းကို ပြောပြရရင်။
ဝတ္တုကို ၁၈၈၀ ခုနှစ် နွေရာသီကုန်ခါနီး၊ စစ်တွေကမ်းနားလမ်းနဲ့ အစပျိုးထားပါတယ်။ အဓိက ဇတ်ကောင်ကတော့ မောင်အေးနဲ့မဖြူပါပဲ။
မောင်အေးက အင်္ဂလိပ်အထက်တန်းကျောင်းသား။ မဖြူက စာရေးစာဖတ်အနည်းငယ်သာ တတ်တဲ့ အသက်ဆယ့်ငါးနှစ်အရွယ် ကွမ်းတောင်ကိုင် လှပျိုဖြူလေး။ မဖြူနဲ့မောင်အေးက သူငယ်ချင်းမိတ်ဆွေတွေ။ သူတို့မိဘချင်းလည်း ရင်နှီးကြပါတယ်တဲ့။ မောင်အေးနဲ့ မဖြူက ချစ်သူတွေဖြစ်နေကြပေမယ့် ဘယ်သူမှမသိအောင် သိုဝှက်ထားကြတယ်။ သူတို့နှစ်ယောက်က တစ်ဦးအပေါ်တစ်ဦး မေတ္တာနှောင်ဖွဲ့ထားကြပေမယ့် ပွဲပြင်ကျမှ တွေ့ကြ၊ စကားပြောရုံမျှသာ။ တစ်နေ့တော့ မဖြူကို စေ့စပ်ချင်တဲ့ လူတစ်ယောက်ပေါ်တယ်။ မဖြူအမေ သဘောမတူအောင် မောင်အေးက လှည့်ဖျားပြောဆိုတာကြောင့် ပွဲကပျက်သွားတယ်။ နောက်တော့ မဖြူအမေက ရွေဆိုင်ပိုင်ရှင်သားတစ်နောက်နဲ့ လက်ထပ်ပေးတယ်။ မဖြူက မောင်အေးနဲ့ချစ်ကြိုက်နေကြောင်း မပြောဝံ့သလို မိဘပေးစားတဲ့ သူကိုလည်း မနှစ်သက်ဘူးလို့လည်း မငြင်းဝံဘူး။ သိပ်မကြာဘူး။ သဘောထား မတိုက်ဆိုင်တော့ မဖြူတစ်ယောက် အိမ်ထောင်ကွဲတယ်။ မောင်အေးကိုလည်း သူ့မိဘတွေက ရှေ့နေသမီးတစ်ယောက်နဲ့ အတင်းပေစားဖို့လုပ်တယ်။ မဖြူကို ချစ်နေမိပေမယ့် မိဘတွေစကားကို မလွန်ဆန်ဝံ့ဘူး။ ဒါပေမယ့် ဗေဒင်ဆရာတွေနဲ့ တွက်ချကြည့်တော့ နက္ခတ် မကောင်းကြောင်း၊ ဂြိုလ်နံမကိုက်ကြောင်း ပြောကြတော့ စေ့စပ်ပွဲလည်း ပျက်သွားခဲ့တယ်။ မောင်အေးက သည်လိုလက်မထပ်ဖြစ်တာကို ပျော်နေတယ်။ မဖြူတစ်ယောက် တစ်ခုလတ်ဖြစ်ပေမယ့် မောင်အေးကို အချစ်မပျက်ဘူး။ ဆက်ချစ်နေမြဲ။ မောင်အေးကလည်း မဖြူအပေါ် အချစ်သံယောဇဉ် မပျက်ပြယ်ဘူး။ တစ်ခုရှိတာက မောင်အေးအနေနဲ့ မဖြူကို အစောကြီးကတည်းက စေ့စပ်ကြောင်းလှမ်းဖို့ သ့ူမိဘတွေကို တောင်းဆိုတာမျိုးမတွေ့ရဘူး။ စာရေးဆရာက တိုက်ရိုက်ရေးထားတာ မတွေ့ရပေမယ့် မောင်အေးဟာ အင်္ဂလိပ်ကျောင်းမှာ ဆယ်တန်း။ သူတို့ခေတ်တုန်းက အင်္ဂလိပ်ကျောင်းတက်နိုင်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ သူလို့ ခေတ်ပညာတတ်တစ်ယောက်နဲ့ လက်ထပ်ထိမ်းမြားခဲ့ရင် စာသင်စရိတ်၊ ကုန်ကျစရိတ်တွေကို သမီးရှင်ဖက်က ကျခံပေးရတယ်ဆိုတာမျိုးတော့ ရေးထားတယ်။ ဆိုလိုတာကတော့ မဖြူမိဘတွေက မချမ်းသာတော့ မောင်အေးကို တင်မတောင်းနိုင်ဘူးဆိုတဲ့ သဘော။ ဒါပေမယ့် မောင်အေးက တစ်ခုလတ်မဖြူကို လက်ထပ်ယူချင်တဲ့ စိတ်ကပြင်းပြနေတုန်း။ တစ်နေ့ ညအချိန်မတော် မဖြူတို့အိမ်မှာ မောင်အေးလာပြီး မဖြူနဲ့စကားပြောနေတာတွေ့တော့ မဖြူအမေက သူ့သမီးကို မနက်ဖန်တောင်းရမ်း လက်ထပ်ရမယ်ဆိုပြီး ပြောလိုက်တယ်။ မောင်အေးကလည်း ကျေကျေနပ်နပ်လက်ခံတယ်။ သူရဲ့ ဒိုင်ယာရီမှာ ၁၈၈၁ ခုနှစ် နိုဝင်ဘာလ ၂၀ နေ့ လက်ထပ်လို့တောင် မှတ်လိုက်သေးတယ်။
ဒါပေမယ့် သူက ရန်ကုန်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲသွားဖြေဖို့ တောင်းဆိုတယ်။ ပြီးရင်ပြန်လာမယ်။ ပြန်ရောက်မှ မင်္ဂလာပွဲကို စီစဉ်ပါမယ် ဆိုပြီးပြောဆိုတော့ မဖြူအမေကလည်း လက်ခံတယ်။ ပြန်ရောက်တော့
ဓလေ့ထုံးစံတွေကြောင့်
နောက်တစ်လ ထပ်စောင့်ရမယ်လို့ မဖြူအမေက ပြောတော့ မောင်အေးမှာ ကံကိုသာကျိန်ဆဲပါလေရော။ သည်အချိန်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့အပြင် ကောလိပ်တက်ဖို့ စကောလာရှေးပါ ရတယ်ဆိုတဲ့ ကြေးနန်းက ရောက်လာခဲ့တယ်။ ကျောင်းဆက်တက်ဖို့ မဖြူကလည်း တိုက်တွန်းခဲ့တာကြောင့်သူဆက်တက်ခဲ့တယ်။ သူပြန်လာတဲ အခါ တရားဝင်လက်ထပ်ဖို့ ကတိဆိုတယ်။ ဒါပေမယ့် မဖြူကတော့ မဖြစ်နိုင်မှန် ကြိုသိနေခဲ့လေရဲ။ မောင်အေး ပညာသင်နေစဉ်မှာ မဖြူမိခင်က ကလေးတစ်ယောက်ဖ မဆိုးဖို မောင်စိန်နဲ့နေရာချပေးတယ်။ ဒါပေမယ့် တစ်နှစ်လောက်သာ ကြာတယ်။ အချစ်မပါတဲ့ အိမ်ထောင်ရေးက ငရဲမီးလိုပူတဲ့အတွက်
မဖြူခဗျာ နှစ်ခုလတ်မဆိုးမ ထပ်ဖြစ်ရပြန်တယ်။ သည်တစ်ခေါက်တော့ မောင်အေးက မဖြူကို လက်ထပ်ရန်မကြိုးစားတော့ဘဲ မောင်နှစ်မသဖွယ် နေထိုင်ကြဖို့ လမ်းခွဲလိုက်ကြတယ်။ မဖြူက တစ်သက်လုံး မုဆိုးမအဖြစ်နဲ့ အရိုးထုတ်သွားခဲ့လေတယ်။ မောင်အေးလည်း အိမ်ထောင်ရာသား ကျပြီး၊ ရခိုင်သားအနည်းငယ်သာ ရဖူးတဲ့ ရာထူးဂုဏ်ထူးကို ရရှိပြီး ဂုဏ်သရေရှိ လူကြီး လူကောင်းတစ်ယောက် အဖြစ်နဲ့ ဘဝကို အေးချမ်းစွာနေခဲ့လေသတဲ့။
စာရေးဆရာက ချစ်သူနှစ်ယောက် မနီးစပ်တာဟာ ရခိုင်တွေရဲ့ ခေတ်မမှိတော့တဲ့ ဓလေ့ထုံးတမ်းတွေကြောင့်လို့ ပြောဆိုထားပါတယ်။ သည်နေရာမှာ စာရေးသူက သူတို့ခေတ် ထိမ်းမြားလက်ထပ်တဲ့ ဓလေ့တွေကို လုံးဝကြိုက်ပုံမရပါဘူး။ သူ့စိတ်ထဲမှာ ရှေးဆန်လွန်အားကြီးတယ်လို့ ယုံကြည်ထားပုံရပါတယ်။ ဒါကြောင့် သူက ဝတ္တုရေးရခြင်းနဲ့ပက်သက်ပြီး၊ သူ့ရည်ရွယ်ချက်ကို စာအုပ်တစ်နေရာမှာ အခုလိုရေးပြထားပါတယ်။ ရခိုင်လူမျိုးတွေရဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အတွေးအခေါ်၊ အယူအဆ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေရဲ့ အကျိုးဆက်ကြောင်း ဖြစ်ပေါ်လာတဲ့ ဆင်းရဲဒုက္ခများ၊ ဝမ်းနည်းပူဆွေးဖွယ် ဖြစ်ရပ်များကို ဖွင့်လှစ်ပြချင်တဲ့အတွက် ရေးရခြင်းဖြစ်ပါတယ်တဲ့။ ပြီးတော့ အခုလို ပြင်းပြင်းထန်ထန် ဝေဖန်ထားတာကိုလည်း တွေ့ရပါတယ်။ ရခိုင်မိဘတွေက သမီးရည်းစားထားကိုတောင် လက်မခံဘူး။ လက်ထပ်တဲ့ကိစ္စ အဝဝကို မိဘတွေကပဲ စီစဉ်ကြတယ်။ ဒါကို သားသမီးတွေက ပြောပိုင်ခွင့်မရှိဘူး။ သားသမီးတွေရဲ့ သဘောထားတွေကိုလည်း ဘယ်တော့မှမမေးဘူး။ သူတို့သင့်တော်မယ်ထင်လို့ စီစဉ်တာ၊ သားသမီးတွေက ငြင်းပိုင်ခွင့်မရှိဘူး။ တကယ်လို့ မိဘတွေ စီစဉ်တဲ့ အတိုင်း လက်ထပ်ကြ၊သဘောထား မတိုက်ဆိုင်လို့် ကွဲကြပြန်တော့လည်း ဒါက ကံမစပ်လို့၊ ကံမှမကောင်းတာ ဆိုပြီး အလွယ်တကူ လက်ခံလိုက်ကြပါတယ် ဆိုပြီး၊ ဝေဖန်ထားပါတယ်။ ရခိုင်သားတွေ လက်ခံထားတဲ့ ကံနဲ့ ဗုဒ္ဓဘာသာရဲ့ တကယ့်ကမ္မနဲ့ မတူဘူးဆိုတာကိုလည်း ထောက်ပြထားပါတယ်။
စာရေးသူက ဘဝနှစ်ခုပေါင်းစပ်ဖို့ အတွက် ဗေဒင်ဆရာတွေ၊ နက္ခတာရာတွေ မလိုအပ်ဘူး။ အချစ်သာ အရေးကြီးကြောင့် ပြောဆိုထားပါတယ်။ မိဘတွေက သူတို့သားသမီးတွေရဲ့ သဘောထားကို မျက်ကွယ်ပြုပြီး၊ တစ်ဖက်သတ်ဆုံးဖြတ်တာဟာ ရည်ရှည်မတည်မြဲဘူးဆိုတာကို မီးမောင်ထိုးပြထားပါတယ်။ ပြောင်းလဲသင့်ပြီ ဆိုတာမျိုး အကြံပြုထားတယ်။ ပြီးတော့ အမျိုးသမီးတွေကို သေစာရှင်စာ လောက်တတ်ရင်ပြီးပြီ။ ပညာတတ်စရာမလိုဘူး၊ ထမင်းချက်၊ လင်လုပ်တာစား၊ အိမ်ထောင်ရေးတာဝန်ယူ စတဲ့ ရှေးရိုးအယူအဆကို ကန့်ကွက်ကြောင်း ရေးပြထားတယ်။ ကံကိုပဲ ပုံချတတ်တဲ့ ရိုးရာဓလေ့စရိုက်ဟာ အလုပ်မဖြစ်ဘူးဆိုတာကို သင်္ခန်းစာယူစရာ ရေးပြထားတာပါ။
လူငယ်နှစ်ယောက်ရဲ့ အချစ်အကြောင်းအပြင် ရခိုင်သမက်တက်အကြောင်း၊ ရခိုင်တွေရဲ့ သူခိုးလပြည့်အကြောင်း(တန်ဆောင်းမုန်းလပြည့်မှာ လူငယ်တွေ သစ်သီးဝလံခိုးကြတဲ့ ဓလေ့)၊ ကိုးမီးကစားတဲ့ ဓလေ့၊ ကွမ်းစားတဲ့ စရိုက်တွေကိုပါရေးပြထားပါတယ်။ ဒါကြောင့် မဖြူဝတ္တုဟာ အချစ်ဝတ္တုပါလို့ပြောလိုရသလို ရခိုင်ရိုးရာဓလေ့စရိုက်၊ ထုံးတမ်းအစဉ်အလာတွေကိုပါ အဓိကထည့်သွင်းရေးဖွဲ့ထားပြီး၊ ထိမ်းမြားလက်ထပ်မှုဆိုင်ရာ အယူအဆတွေက ခေတ်မမှိတော့ကြောင်း၊ ပြောင်းလဲသင့်ပြီဖြစ်ကြောင်း သုတများများထည့်ရေးထားတဲ့ အတွက် ရခိုင်သုတစာအုပ်တစ်အုပ် လို့လည်း ပြောနိုင်ပါတယ်။ အဓိကတော့ သားသမီးတွေ့ရဲ့ နှလုံးသားရေးရာကိစ္စ၊ သဘောထားလေးကိုတောင် မမေးဘဲ မိဘတွေက သူတို့စိတ်တိုင်းကျ အတင်းအကျပ်စီစဉ်တဲ့ ဓလေ့၊ ဖြစ်ပျက်ခဲ့သမျှကို မျက်စီမှိတ်ကာ ကံကိုပုံချလေ့ရှိတဲ့ အယူအဆတွေကို ကိုပြောင်းဖို့လိုပြီ ဆိုတာမျိုးကို ထောက်ပြ ဝေဖန်ထားတဲ့ ရသ၊ သုတစာအုပ် ဆိုရင်လည်း မမှားပါဘူး။
မဖြူဝတ္တုကို ရေးတဲ့ စာရေးဆရာဟာ ဘယ်သူဘယ်ဝါဆိုတာ သေချာမသိရပေမယ့် စာရေးသူဟာ အင်္ဂလိပ်စာကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ပြီး အင်္ဂလိပ်စာပေကို မွေနှောက်လေ့လာထားတဲ့ ခေတ်ပညာတတ် ရခိုင်တစ်ယောက်ဆိုတာကိုတော့ အတိအကျပြောနိုင်ပါတယ်။ ဒါအပြင် သူဟာ အင်္ဂလန်မှာ ပညာဆည်းဖူးခဲ့သူတစ်ယောက် ဖြစ်ပါလိ်မ့်မယ်။ ပြီးတော့ သူရေးသားတဲ့ ပုံစံကလည်း တစ်မူခြားနေပါတယ်။ ၁၉ ရာစုခေတ် အင်္ဂလိပ်နော်ဗယ် ပုံစံယူထားတယ်လို ပြောနိုင်ပေမယ့် အခန်းတစ်ခုအစမှာ ကဗျာစာသားလေးတွေကို ထည့်သွင်းရေးဖွဲ့ထားပါတယ်။ ပြီးတော့ ၁၉ ရာစုမှာ မြန်မာပြည်သား တစ်ယောက်က ကာလပေါ်ဝတ္တု novel ပုံစံကို ရေးနိုင်တာဟာ ရှေးရောက်လွန်းလှပါတယ်။ အဲသည်ခေတ်တုန်းက မြန်မာပြည်မှာ ဘုန်းတော်ဖွဲ့၊ ဂုဏ်တော်ဖွဲ့တွေနဲ့၊ အင်းအိုင်၊ သခြင်းပုံစံ ဖွဲ့နွဲ့ရေးဟန်နဲ့ပဲ ရေးစပ်လေ့ရှိတာပါ။ မြန်မာကာလပေါ် နော်ဗယ်ရေးဟန်ဆိုတာလည်း ၂၀ ရာစုဆန်းစမှ ရေးကြတာပါ။ သည်နေရာပြောလိုတာက မဖြူကို ဖန်တီးရေးသားတဲ့ စာရေးဆရာက ကဗျာသမား၊ philosophy ကို နှစ်ခြိုက်လေ့လာထားတဲ့ သူတစ်ယောက်ဖြစ်ပါလိမ့့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ မဖြူဝတ္တုမှာ အခန်း ၁၈ ခန်းပါပြီး တစ်ခန်းချင်းစီရဲ့ အစမှာ စီလျော်တဲ့ ကဗျာစာသားတွေကို ထည့်သွင်းဖော်ပြထားတဲ့ အတွက်ပါ။ ထူးခြားတာက ကဗျာဆရာတွေအပြင် အတွေးအခေါ်ပညာရှင်တွေရဲ့ စာသားတွေကို ထုတ်နုတ်ဖော်ပြထားတာပါ။ ကဗျာဆရာတွေထဲမှာ ပြင်သစ်ကဗျာဆရာ Larmartine ကလွဲပြီး သူကိုးကားတဲ့ ကဗျာဆရာအကုန်လုံးက အင်္ဂလိပ်နဲ့ စကော့တွေပါပဲ။ ၁၆ ရာစုခေတ် ကဗျာဆရာ၊ ဖလိုသမားတွေဖြစ်တဲ့ Shakespeare, Marlowe, Seldon, Bacon တို့ပါသလို ၁ရ/၁၈ ရာစုခေတ် ကဗျာဆရာဖြစ်တဲ့ Dryden, Addison, Goldsmith, Wordsworth, Moore, Shelley, Burns, Cowper တို့လည်းပါဝင်ပါတယ်။ Tennyson, Browning, Thomas တို့ကတော့ သူနဲ့ခေတ်ပြိုင် ကဗျာဆရာများဖြစ်ကြသလို့ အင်္ဂလန်မှာ လူချင်းလည်းတွေ့ဖူးချင် တွေ့ဖူးပါလိ်မ့်မယ်။ Tennyson ကိုတော့ သူအကြိုက်ဆုံးဖြစ်ပါလိ်မ်မယ့်။ သူ့ရဲကဗျာစာသားတွေကို သုံးခါလောက်သုံးထားတာကို တွေ့ရပါတယ်။ သည်လို ကဗျာစာသားတွေကို ထည့်သွင်းရေးဖွဲ့ထားလေတော့ သူကိုယ်နှိုက်ကလည်း ကဗျာတွေကို အထူးလေ့လာလိုက်စားတဲ့ လူတစ်ယောက်ဆိုတာကိုတော့ ပြောစရာလိုမယ်မထင်ပါဘူး။ ပြီးတော့ ၁၉ ရာစုခေတ်မှာ မြန်မာပြည်သား ရခိုင်တစ်ယောက်က အနောက်ဥရောပက ကဗျာစာပေတွေကို အူးချေးမကျန်လေ့လာ ဖတ်ရှုထားတယ်ဆိုတော့ သူခေတ်သူခါမှာ ရှားမှရှားတဲ့ ပုဂ္ဂိုလ်ထူးဖြစ်ပါလိ်မ့်မယ်။ ဒါကြောင်လည်း သူ့ရေးဟန်တွေဟာ ကဗျာဆန်တာ၊ အင်္ဂလိပ်ဆန်တာ တွေ့ရတာဖြစ်ပါလိ်မ့်မယ်။ မဖြူရဲ့အလှကို ဖော်ကျူရာမှာ လီလီပန်းတစ်ပွင့်ကဲ့သို့လှပပုံ၊ နှုတ်းခမ်လေးတွေက နှင်းဆီးပန်းလို့ နီရဲနေပုံ၊ သွားကလေးတွေက ပုလဲဥငယ်လေးတွေလို ငွေရောင်သန်းနေပုံမျိုး ရေးဖွဲ့ထားဟန်တွေက ကဗျာဆန်လွန်လှပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ ခက်ခဲနက်နဲတဲ့အရာ၊ စကားလုံးတွေနဲ့ သီဖွဲ့လို့ မရနိုင်တဲ့အရာဆိုပြီး၊ ကဗျာဆန်ဆန်ရေးဖွဲ့ထားပါသေးတယ်။ စကားမပြောနိုင်ပုံကို စကားလုံးတွေက သူ့နှုတ်ခမ်းပေါ် ကြိမ်ဖန်များစွာ ကျရောက်လာပေမယ့် ထပ်ကာထပ်ကာ ပျောက်ကွယ်သွားခဲ့တယ် ဆိုပြီး၊ ပြဆိုထားပါတယ်။ ချစ်သူနှစ်ဦးဟာ အချစ်တွေ ယစ်မှုး၊ ရည်ငံနေပုံကို each drank in love that shone luminous from their liquid depths ဆိုပြီးသုံးနှုန်းထားပါတယ်။ ဆွံအပြီး ပြန်မပြောနိုင်ပုံကို poor Maung E was at his wit´s end what to relpy ဆိုတဲ့အသွားမျိုးနဲ့ ရေးပြထားတာတွေက အင်္ဂလိပ် ဂန္တဝင်ပုံစံပါပဲ။ သည်လိုလှပတဲ့ ကဗျာစာသားတွေနဲ့ နော်ဗယ်အဖွဲ့ပုံစံမျိုးရေးသားခဲ့တဲ့ ရခိုင်စာရေးဆရာကြီးက ဘယ်သူများဖြစ်နိုင်မှာလဲ။ ကျွန်တော့ကတော့ တိတိကျမပြောနိုင်ပါဘူး။ ဝတ္တုထဲမှာတော့ ချန်ထွန်းအောင်ဆိုသူကို အားကျကြောင်း၊ ထောက်ခံကြောင်းရေးပြထားတယ်။ ရခိုင်သားတွေဟာ ကံကိုယုံလွန်တယ်။ တစ်ခုခုဖြစ်ရင် ကံကိုလွဲချတတ်တဲ့ အယူအဆ။ တကယ်တော့ ရခိုင်သားတွေ ယူဆထားတဲ့ ကံနဲ့ ဗုဒ္ဓရဲ့ကမ္မ ဟာ မတူဘူးဆိုတဲ့ ချန်ထွန်းအောင်ရဲ့ တင်ပြချက်ကို ကိုးကားရေးပြထားပါတယ်။ ပါဠီနဲ့ ဗုဒ္ဓဘာသာ ပညာရှင် ရေဒေဗစ်း Ryhs Davids ရဲ့ နွေးဆွေးချက်ကိုပါ ထည့်သွင်းရေးဖွဲ့ထားပါတယ်။ အဲတာကြောင့် စာရေးသူကိုယ်နှိုက်က ချန်ထွန်းအောင်ဆိုသူဖြစ်လေမလား လို့ ထင်မိပါတယ်။ ဝတ္တုထဲမှာပါတဲ့ ချန်ထွန်းအောင်ဆိုတာ သူဋ္ဌေးကြီးရဲကျော်သူရဲ့သား အင်္ဂလန်ကို ပညာတော်သင်သွားခဲ့တဲ့ ဗုဒ္ဓဘာသာဥပဒေ စာအုပ်ကိုရေးသူ ချန်ထွန်းနဲ့ အတူတူပဲလားဆိုတာကတော့ စဉ်းစားစရာပါ။ သေချာတာကတော့ မဖြူဝတ္တုကို ရေးသူဟာ ကဗျာစာပေကို ချစ်မြတ်နိုးသူ၊ အင်္ဂလိပ်စာပေကို မွေနှောက်ဖတ်ရှုထားသူ၊ ဗုဒ္ဓစာပေကို လေ့လာသူ၊ ခေတ်ပညာတတ်ပညာရှင်တစ်ဦး ဖြစ်တယ်ဆိုတာပါပဲ။ ဘာပဲပြောပြော မြန်မာပြည်မှာ ကာလပေါ်ဝတ္တုရေးဟန်း မစသေးတဲ့ ၁၉ ရာစုကတည်းကပင် ရသနော်ဗယ်ဝတ္တုကောင်း တစ်ပုဒ်ရေးသားခဲ့တဲ့ ပညာတတ်ပုဂ္ဂိုလ်ထူး၊ ရခိုင်စာရေးဆရာ ရခိုင်အမျိုးသားကြီးတစ်ယောက် ပေါ်ထွန်းခဲ့တာကိုပဲ ရခိုင်တစ်ယောက်အနေနဲ့ ဂုဏ်ယူမဆုံးဖြစ်မိပါတယ်။
မူရင်းစာမူ ရှာဖွေပေးတဲ့
ညီအောင်ကျော်ဝင်း( စာရေးဆရာ ဝေဟင်အောင်) ကိုအထူးကျေးဇူးတင်ပါတယ်။
Credit... Cheumong Mog