Monday, December 18, 2017

ရခိုင်သက္ကရာဇ်




မြန်မာနိုင်ငံတွင် အသုံးပြုနေသော သက္ကရာဇ်များအနက် မြန်မာသက္ကရာဇ်နှင့် ခရစ်သက္ကရာဇ်ကို လူတိုင်း သိကြသော်လည်း ရခိုင်သက္ကရာဇ်ကိုမူ ရခိုင်ပြည်နယ်ထဲတွင်ပင် သိသူ အတော် နည်းပါးလှပေသည်။ တစ်နှစ်တစ်ကြိမ် သင်္ကြန် အခါတော်နေ့များကို မြန်မာ့အသံ နှင့် သတင်းစာမျာမှ ကြေညာသည့် အခါမှသာလျှင် သတိထားမိသူများ သတိပြုမိကြပေမည်။ လူသိနည်းခြင်း အကြောင်းတစ်ရပ်မှာ မြန်မာသက္ကရာဇ်နှင့် ရခိုင်သက္ကရာဇ် တို့သည် တစ်နှစ်တည်း ကျရောက်ခြင်းကြောင့်ပင် ဖြစ်သည်။ တစ်နှစ်တည်း ကျရောက်သော်လည်း တစ်ပြိုင်တည်း ဆင်းသက်လာခြင်းကား မဟုတ်ပေ ။

ခရစ် သက္ကရာဇ်တွင်မူ ခရစ်မပေါ်မီ နှစ်များကို ဘီစီ (Before Christ) နှစ်များဟု လည်းကောင်း၊ ခရစ်တော် ပေါ်ပြီး နှစ်များကို အေဒီ (Anno Domini) ဟုလည်းကောင်း၊ သက္ကရာဇ် ဖြိုဖျက်ခြင်း မရှိဘဲ ရေတွက်လာ၍ မှတ်သားရ လွယ်ကူပေသည်။ ရခိုင်သက္ကရာဇ်၊ မြန်မာသက္ကရာဇ် ဆင်းသက်လာရသည့် သမိုင်းကြောင်းကား ရှည်လျားလှသည်။ သက္ကရာဇ်ဖြိုခြင်း အကြိမ်ကြိမ် ရှိခဲ့သည်။ သက္ကရာဇ် ဖြိုရသည့် အကြောင်းရင်းမှာလည်း ကိန်းဂဏန်း များပြားလာ၍ လည်းကောင်း၊ နက္ခတ် ကိန်းခန်း မညီညွတ်၍ လည်းကောင်း၊ ကပ်ဆိုး ဘေးဆိုးများကို ကျော်လွန်စေရန် လည်းကောင်း၊ သာသနာနှစ်နှင့် ထပ်တူပြုလို၍လည်းကောင်း၊ ရည်ရွယ်ချက် အမျိုးမျိုး ရှိခဲ့သည်။

သက္ကရာဇ် ရေတွက်ခြင်း မှာလည်း နေ၊ လ၊ နက္ခတ် တို့ အသွားကို တွက်ချက်၍ ရက်၊ လ များ သတ်မှတ်ခြင်းမှ စခဲ့ပေမည်။ ယခု အသုံးပြုနေသည့် နှစ်၊ လ တို့သည် နေ၊ လ တို့ အသွားကို အမှီပြု၍ တွက်ချက် သတ်မှတ်ထားခြင်း ဖြစ်ကြသည်။ ခရစ်နှစ်၊ တစ်နည်း ဥတုနှစ် (Tropical Year) သည် နေကို ကမ္ဘာက တစ်ပတ် ပတ်မိရန် ကြာသည့် အချိန် ၃၆၅.၂၄၂၁၉၈၈၅ ရက် (၃၆၅ ရက်၊ ၅နာရီ၊ ၄၈ မိနစ်၊ ၄၆ စက္ကန့်) ကို တစ်နှစ်ဟု သတ်မှတ်ကာ ၁၂ လ ပိုင်းခြားထားသည်။ နေကို အမှီပြု၍ သူရိယမာသ ဟုခေါ်ကြ၏။ အနီးစပ်ဆုံး ၃၆၅ ရက်၊ ၆ နာရီ ဖြည့်ယူပြီး လေးနှစ်တစ်ကြိမ် ရက်ထပ်ပေးသည်။ ဤသို့ ဖြည့်ယူ ရက်ထပ်ခြင်းဖြင့် နှစ်ပေါင်း လေးရာတွင် သုံးရက်ခန့် ပိုလာသည်။ သို့ဖြစ်ရာ ရာပြည့်နှစ်များတွင် ၄၀၀ ဖြင့် စား၍ မပြတ်သည့် ၁၇၀၀၊ ၁၈၀၀၊ ၁၉၀၀ ကဲ့သို့ နှစ်များကို ရက်မထပ်ဘဲ ပြန်လျှော့ပေးရသည်။

ရခိုင် မြန်မာ လများမှာမူ လ ကို အမှီပြုသည့် (စန္ဒရမာသ) လ များ ဖြစ်ကြသည်။ လ က ကမ္ဘာကို တစ်ပတ် ပတ်မိရန် ကြာသည့် ၂၉.၅၃၀၅၈၇၉၂ ရက်ကိုယူကာ ၂၉ ရက် တစ်လ၊ ၃၀ ရက် တစ်လ၊ သတ်မှတ်ထားကြသည်။ ၂၉.၅ ရက်မှ စွန်းသည့် မိနစ်စွန်းများ ရက်ပြည့် လာသောအခါ မျက်မြင် လ နှင့် ဝေါဟာရ လပြည့် လကွယ် ရက်များ မကိုက်ညီတော့၍ ရက်ငင်ခြင်း (နယုန်လတွင် ရက် ၃၀) ဖြင့် ညှိပေးရသည်။

ရခိုင် မြန်မာ လ များသည် စန္ဒရမာသ ကို အသုံးပြုသော်လည်း တစ်နှစ်ကာလ (ယခုနှစ်၊ သင်္ကြန် အတာတက်ချိန်မှ နောက်နှစ် သင်္ကြန် အတာတက်ချိန် ထိ) သည် ဝေါဟာရ ၁၂လ (၁၂×၂၉.၅=၃၅၄ ရက်) မဟုတ်ပေ။ နေသွားနှစ်(Sideral Year) ကို အသုံးပြုထား သည်။ ကောင်းကင် နောက်ခံတွင် သတ်မှတ်ထားသည့် ၁၂ ရာသီ ကြယ်စုများ အနက် မိဿ ရာသီ ကြယ်စုသို့ တနင်္ဂနွေဂြိုဟ် (နေ) စတင်ဝင်ရောက်သည့် အချိန်မှ နောက်တစ်ကြိမ် ဝင်ရောက်သည့် အချိန်ထိ ၃၆၅ ရက်၊ ၆ နာရီ၊ ၁၂ မိနစ်၊ ၃၆.၅၆ စက္ကန့် ( ၃၆၅.၂၅၈၇၅၆၅ ရက်) သည် တစ်နှစ် ကာလ မည်ပေသည်။ သို့ဖြစ်၍ ယခုနှစ် သင်္ကြန် အတာ တက်ချိန်တွင် ဖော်ပြပါ တစ်နှစ် ကာလကို ထည့်ပေါင်းလျှင် နောက်တစ်နှစ် သင်္ကြန် အတာတက်မည့် အချိန်ကို ရပေသည်။

ခရစ်နှစ်သည် ၃၆၅.၂၄၂၁၉၈၈၅ ရက် ရှိပြီး မြန်မာနှစ်က ၃၆၅.၂၅၈၇၅၆၅ ရက် ရှိ၍ ခရစ်ပြက္ခဒိန်တွင် မြန်မာနှစ်ဆန်းရက်သည် ရွေ့လျောလျှက်ရှိသည်။ နှစ်ပေါင်း (၆၀) တွင် တစ်ရက်ခန့် ရွေ့လျောလျှက် ရှိသည်။ ယခုကာလ နှစ်ဆန်းရက်သည် ဧပြီ ၁၆ (သို့မဟုတ်) ၁၇ ရက် ကျသော်လည်း ယခင် နှစ် ၁၀၀ ခန့်က နှစ်ဆန်း တစ်ရက်သည် ဧပြီ ၁၄ (သို့မဟုတ်) ၁၅ ရက် ဖြစ်ခဲ့သည်။ နောင်နှစ်များ မကြာမီ ဧပြီ ၁၇ (သို့မဟုတ်) ၁၈ ရက် ဖြစ်လာပေတော့မည်။

ဤကဲ့သို့ တွက်ချက် သတ်မှတ်လာခဲ့ပြီး ယခု သုံးနေသည့် ရခိုင်၊ မြန်မာ ပြက္ခဒိန်တို့၏ မူလ ဆရာ မှာ ခရစ်နှစ် ၆၂၈ တွင် ဗြဟ္မရပ္ပတိ အမည်ရှိ အိန္ဒိယ နက္ခတ်ပညာရှိ ရေးခဲ့သော သူရိယသိဒ္ဓ န္တ ကျမ်း ဖြစ်ပေသည်။ ဤကျမ်းကို ရခိုင်၊ မြန်မာ တို့သာ သုံးခဲ့သည်မဟုတ်ဘဲ အနောက်နိုင်ငံများတွင်လည်း ခရစ် ၁၆၀၈ မတိုင်မီထိ ဤကျမ်းကို သုံးခဲ့ကြောင်း သိရပါသည်။ ၁၆၀၈ တွင် ဂယ်လီလီယို၏ နက္ခတ်တာရာ ကြည့် မှန်ပြောင်း ပေါ်ပြီးမှ နက္ခတ် ကိန်းဂဏန်းများကို မှန်ပြောင်းဖြင့် ကြည့်ရှု စစ်ဆေး တွက်ချက်သည့် အခါ သူရိယသိဒ္ဓ န္တ ကျမ်းပါ ကိန်းများနှင့် (မပြောပလောက်သည့်) အနည်းငယ်မျှသာ ကွဲလွဲသည်ဟု ဆိုပါသည်။ ဤသည်ကို ထောက်၍ ရှေးခေတ် နက္ခတ် ပညာ၏ အဆင့်ကို ခန့်မှန်းနိုင်ပါသည်။

နက္ခတ် တွက်ချက်မှု ပညာမှာ ဘီစီ ၇၄၇ ခန့်က စတင်ခဲ့သည်ဟု အီဂျစ်နှင့် ဘေဘီလုံနီယန် မှတ်တမ်းများက ဆိုထားကြောင်း သိရသည်။ သို့သော် ရခိုင်၊ မြန်မာတို့ ရရှိသည့် သက္ကရာဇ် မှာ ကမ္ဘာဦး မဟာသမ္မတမင်း မှ စတင် ရေတွက်လာခဲ့ကြောင်း ဆိုပြီး အဆင့်ဆင့် ဖြိုဖျက်လာခဲ့ခြင်းမှာမူ အောက်ပါအတိုင်းဖြစ်ကြောင်း တွေ့ရပါသည်။
၁။ မဟာသမ္မတမင်း မှ စတင်၍ ရေတွက်လာသော သက္ကရာဇ် ၁,၁၄၉,၇၈၇ ရောက်သောအခါ အာကာရဋ္ဌ
မင်းသည် “မဟာသုဒ္ဓဝယပ္ပ” ကိန်းဖြင့် နှစ်ပေါင်း ၁ ၁၄၉ ၇၈၅ နှစ်ကိုဖြိုကာ အကြွင်း ၂- နှစ် ထားခဲ့သည်။
၂။ ထိုမှ ဆက် ရေတွက်လာရာ “ ကုသမင်းကြီး” လက်ထက် ၁၄ ၉၈၃ ၅၆၂ ရောက်သောအခါ ကုသမင်းကြီးသည်
“ နာတိ မဇ္ဇံ လဒ္ဓံ ဝိယ” ကိန်းဖြင့် ၁၄ ၉၈၃ ၅၆၀ ကို ဖြိုကာ အကြွင်း ၂- နှစ် ထားခဲ့သည်။
၃။ ထိုမှ တစ်ဖန် ၈၆၄၇ ရောက်သောအခါ သိဒ္ဓတ္ထ မင်းသား၏ ဘိုးတော် အဉ္စနမင်းကြီးသည် “ဏဝစန္ဒေ” ကိန်း
ဖြင့် ၈၆၄၅ ကို ဖြိုခဲ့သည်။

ဤအချိန်တွင် ရခိုင်၌ ပထမ ဓညဝတီခေတ် မာရယု မှစသည့် မင်းဆက် ၅၇-ဆက်၊ နှစ်ပေါင်း ၁၈၁၈- နှစ်၊ လွန်မြောက်ပြီး ဒုတိယ ဓညဝတီခေတ် ကံရာဇာကြီး အနွယ် ၂၈-ဆက် အနက် ၂၄ ဆက်မြောက် “ရာလမာယု” လက်ထက် ရောက်ရှိနေပြီ ဖြစ်သည်။ ပထမ ဓညဝတီ မာရယု နန်းတက် သက္ကရာဇ်မှာ ရခိုင်ရာဇဝင်သစ် ကျမ်း နှင့် ရာဇက္ကမ သင်္ခေပ ကျမ်းအရ ဘီစီ ၃၃၂၅၊ ကုသမင်းကြီး ဖြိုကြွင်းသက္ကရာဇ် ၅၉၉၅ ခုနှစ် ဖြစ်လေသည်။ ရခိုင်ပြည်တွင် ရာလမာယုမင်းသည် ၈၆၄၅ ကိုပင် “မိဘစံဇီ” ကိန်းအရ အဉ္စန မင်းကြီး၏ “ဏဝစန္ဒေ” နှင့် အပြိုင် ဖြိုခဲ့၏။
ဤ ဖြိုကြွင်း သက္ကရာဇ် ၆၈ တွင် သိဒ္ဓတ္ထ ဖွားမြင်၌ ၁၀၃ တွင် ဘုရားဖြစ်ကာ ၁၄၈ တွင် ပရိနိဗ္ဗာန် စံဝင်တော်မူခဲ့သည်။
၄။ ဘုရား ပရိနိဗ္ဗာန် စံတော်မူသည့် ၁၄၈ ခုနှစ်တွင် တတိယ ဓညဝတီကို တည်ထောင်ခဲ့သည့် စန္ဒသူရိယ
မင်းကြီးသည် “ဇီဝက” ကိန်းအရ ၁၄၈ ကိုဖြိုခဲ့၏။ မာဂဓ တိုင်း၌လည်း အဇာတသတ် မင်းသည်
“ဗသျှူ စတု ရူပ” ကိန်းဖြင့် ၁၄၈ ကို ဖြိုခဲ့သည်။
၅။ ထိုမှဆက်၍ ကောဇာ နှစ်နှင့် သာသနာနှစ် ထပ်တူ ရေတွက်လာခဲ့ရာ စန္ဒသူရိယ အနွယ်တော် ၁၅ ဆက်၊
သူရိယ ပဘာမင်း နန်းစံ ၅၄ နှစ်အဆုံး ၆၀၉ ကို “ဓနဉ္စ” ကိန်းဖြင့် ဖြိုလေသည်။ ဤနှစ်သည် သာကမင်း
ဖြိုသည့် ကလိယုဂ် နှစ်ဆန်း ၃၁၇၉ တွင်ပါဝင်သည်။
၆။ ထိုမှ ဆက်၍ ရေတွက်လာရာ ဝေသာလီခေတ် ဒွေင်စန္ဒြ အနွယ် ရ-ဆက်မြောက် “သီရိစန္ဒြ သီရိဓမ္မဝိဇယ”
မင်းလက်ထက်တွင် နှစ်ပေါင်း ၅၆၀ ကို “ဥတ္တမ” ကိန်းအရ ဖြိုခဲ့သည်။ ယခု ရောက်ဆဲ သက္ကရာဇ်
၁၃၅၅ သည် သီရိစန္ဒြ မင်း ဖြိုကြွင်း သက္ကရာဇ် ဖြစ်သည်။ ဤနောက်ပိုင်းတွင် ရခိုင်၌ သက္ကရာဇ်ဖြိုခြင်း
မတွေ့ရတော့ချေ။

ရခိုင်တွင် သက္ကရာဇ် ၈၆၄၅ တစ်ကြိမ်၊ ၁၄၈ တစ်ကြိမ်၊ ၆၀၉ တစ်ကြိမ် နှင့် ၅၆၀ တစ်ကြိမ်၊ စုစုပေါင်း လေးကြိမ်
အနက် သာသနာနှစ် ပြီးနောက် ဖြိုခဲ့ခြင်း နှစ်ကြိမ် ရှိခဲ့၏။ သို့ဖြစ်၍ ရောက်ဆဲ သက္ကရာဇ်တွင် ဤနှစ်ရပ် ၆၀၉+၅၆၀ =၁၁၆၉ (နဝါဆ နှင့် ဧကဧကာ) ကိုနှောလျှင် ရခိုင်အလိုအရ သာသနာနှစ်ကို ရရှိလေသည်။


မြန်မာသက္ကရာဇ် သမိုင်းကြောင်းသည် အဇာတသတ်မင်း ဖြိုကြွင်း သက္ကရာဇ် မှ စခဲ့ပေသည်။ အဇာတသတ်ဖြိုကြွင်း
၄၃၃ ရောက်သောအခါ သရေခေတ္တရာပြည် သင်္ီရိရာဇ် မင်းသည် ၄၀၃ ကိုဖြိုကာ အကြွင်း ၃၀ ထားခဲ့၏။ သို့သော် ဤ သက္ကရာဇ်သည် မပြိုခဲ့ချေ။ ထို့နောက် ၆၂၄ ရောက်သောအခါ သုမုန္ဒြီမင်းသည် ၆၂၂ ကို “ဒေါဒေါရသ” ကိန်းဖြင့် ဖြိုကာ အကြွင်း ၂-နှစ် ထားခဲ့၏။

သုမုန္ဒြီ ဖြိုကြွင်း ၅၆၂ တွင် ပုဂံပြည် ပုပ္ပါးစေရဟန်းမင်းသည် “ခဆပဉ္စ” ကိန်း ၅၆၀ ကိုဖြိုကာ ၂- နှစ်၊ အကြွင်း ထားခဲ့သည်။ ဤ ၅၆၀ ဖြိုသည့်နှစ်သည် ရခိုင်ပြည်တွင် သီရိစန္ဒြမင်း ၅၆၀ ဖြိုသည့် နှစ်နှင့် တစ်နှစ်တည်း ကျသည်။ ယနေ့သုံးနေသော မြန်မာသက္ကရာဇ်ရော ရခိုင်သက္ကရာဇ်ပါ ဤ ၅၆၀ ဖြိုကြွင်း သက္ကရာဇ် ဖြစ်၍ ရခိုင် သက္ကရာဇ်နှင့် မြန်မာ သက္ကရာဇ်သည် တစ်နှစ်တည်း ကျရောက်နေခြင်း ဖြစ်ပေသည်။

ယင်းနောက်ပိုင်းတွင် မြန်မာ သမိုင်း၌ သက္ကရာဇ် ၈၀၀ ပြည့် ရောက်သောအခါ အင်းဝပြည် မိုးညှင်းမင်းသည် ၇၉၈ ကို “ဗသျှူ နော သတ်” ကိန်းဖြင့်ဖြို၍ အကြွင်း ၂- နှစ် ထားခဲ့သည်။ မကာရ န္တ ဗေဒင် တွက်ရိုးကျမ်းသည် ၇၉၈ နှစ်ကြွင်းကို အသုံးပြုခဲ့၏။ ဤ ဖြိုခြင်းသည်လည်း မပြိုခဲ့ချေ။ သာသနာ သက္ကရာဇ်ဖြိုပြီးနောက် ၆၂၂ တစ်ကြိမ်၊ ၅၆၀ တစ်ကြိမ်၊ ဖြိုခဲ့ခြင်းရှိ၍ ရောက်ဆဲ မြန်မာသက္ကရာဇ်တွင် ၆၂၂+၅၆၀= ၁၁၈၂ ( ဒွေး အဋ္ဌနှင့် ဧကဧကာ) နှောလျှင် သာသနာနှစ် ရပေသည်။

ဤသို့ ရခိုင်သက္ကရာဇ်နှင့် မြန်မာသက္ကရာဇ် တို့သည် မဇ္စျိမ ဒေသမှ သူ့ကာလနှင့် သူ ဆင်းသက်လာခဲ့ကြ၍ နောက်ဆုံးဖြိုသည့် သက္ကရာဇ် ဖြိုခြင်း တူညီနေသည့်အတွက် ယနေ့သုံး ရခိုင်သက္ကရာဇ်နှင့် မြန်မာသက္ကရာဇ် တို့သည် တစ်နှစ်တည် ကျရောက်နေခြင်း ဖြစ်ပေသည်။ ရခိုင်သက္ကရာဇ် နှင့် ပြက္ခဒိန် သီးခြားရှိ၍လည်း ပြည်ထောင်စု မြန်မာနိုင်ငံ ပြက္ခဒိန် အကြံပေးအဖွဲ့တွင် ရခိုင်ပြက္ခဒိန် ပညာရှိ တစ်ဦး ပါဝင်ပြီး နှစ်စဉ် သင်္ကြန်အခါတော်ရက်များ ကြေညာသည့် အခါလည်း ရခိုင် သက္ကရာဇ်ကိုပါ ထည့်သွင်း ကြေညာခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

ဦးအောင်သန်းမြင့်

ရည်ညွှန်းစာအုပ်စာရင်း
၁။ ရခိုင်ရာဇဝင်သစ်ကျမ်း နှင့် ရာဇက္ကမ သင်္ခေပ ကျမ်း၊ ရမ်းဗြဲမြို့ တောင်ကျောင်းဆရာတော်။
၂။ တိုင်းရင်းသား ယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ(ရခိုင်)၊ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ)
၃။ မြန်မာပြက္ခဒိန် သုတေသနကျမ်း (ဦးအုန်းကြိုင်)
၄။ ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊ ယဉ်ကျေးမှုကဏ္ဍ ( ရခိုင်ပြည်နယ် ပြည်သူ့ကောင်စီ)
၅။ ပညာတန်ဆောင် မဂ္ဂဇင်း၊ ၁၉၇၉- ဇွန်လ။
( ရမ္မာဝတီ မဂ္ဂဇင်း အမှတ် ၂၊ ၁၉၉၄ ဇန်နဝါရီ၊ စာမျက်နှာ ၈၀-၈၂)