Thursday, July 9, 2015

သျှင်မြဝါ အတ္ထုပ္ပတ္တိ



သျှင်မြဝါ (ရခိုင်အာဇာနည်)

သျှင်မြဝါ ကိုမွေးဖွားခြင်း[ပြင်​ဆင်​ရန်​]
သျှင်မြဝါကို သက္ကရာဇ် ၈၅၄ ခု၊ ဝါဆိုလပြည့် ကြာသပတေးနေ့ နံနက် ၄ ဗဟိုရ် ၃ ဗီဇနာ ၂ ပြန် ၂ ခရာတွင် ဥတ္တရသဏ်နက္ခတ် နှင့် ယှဉ်၍ ဖွားမြင်ခဲ့သည်။ ဖခမည်းတော်မှာ မင်းလှရာဇာ စောမွန်၏ မြောက်ရွေးတော်ဆောင်မိဖုရား၏ အကြီးတော်စိန်တင်စား မဟာနန္ဒသင်္ကြန် ဖြစ်သည်။ မယ်တော်မှာ မင်းလှရာဇာစောမွန်၏ မိဖုရားစောနန္ဒီ၏ ညီမတော်၊ဇောစောမွန်နှင့် မိဖုရားစောနန္ဒီ တို့၏ သားတော်ဖြစ်သည်။ စောနန္ဒီနှင့် ဇောယျခေမာတို့မှာ မင်းလှရာဇာစောမွန်၏ ဦးရီးတော် ဆင်ကဲ မင်းအောင်တင်နှင့် စောသန္တာတို့၏ သမီးတော်များဖြစ်ကြသည်။ ထို့ကြောင့် မင်းဗာဘုရင်နှင့်သျှင်မြဝါတို့မှာ အမိညီအစ်မဖြစ်၍ ညီအစ်ကိုတော်စပ်ကြသည်။ မင်းဗာဘုရင်ကို သက္ကရာဇ် ၈၅၄ ခု၊ ဝါဆိုလပြည့်ကျော်နှစ်ရက်၊စနေနေ့တွင်မွေးဖွားသည်။ ယင်းကြောင့် မင်းဗာဘုရင်သည် သျှင်မြဝါထက် ၂ ရက်သာငယ်သည်။ သျှင်မြဝါ၏ ငယ်နာမည်မှာ မောင်မြဝါဖြစ်သည်။ မင်းဗာဘုရင်၏ ငယ်နာမည်မှာ ဘစောသီရိ ဖြစ်သည်။ မဟာပညာကျော်၏ ငယ်နာမည်မှာ မြတ်သာထွန်း ဖြစ်သည်။ ထို့ကြောင့် သျှင်မြဝါ ၊ မင်းဗာကြီး ၊ မဟာပညာကျော်တို့သည် ဘွားဘက်ရွယ်တော် သူငယ်ချင်းများဖြစ်ကြသည်။

ပညာသင်ကြားခြင်း

မောင်မြဝါ ၊ ဘစောသီရိ နှင့် မြတ်သာထွန်း သူငယ်ချင်းသုံးဦးတို့သည် ငယ်စဉ်အခါ မြောက်ဦးမြို့ ရှိ တောင်ညိုတိုက်ဆရာတော် သျှင်အဂ္ဂမုနိ(အဂ္ဂစိန္ဒေယျ) ထံ တစ်ဆယ့်ခြောက်နှစ်အထိ ပညာရည်နို့သောက်စို့ခဲ့ကြသည်။သူတို့သည် နောက်ထပ်ပညာဆီးပူးလိုသဖြင့် ဆရာတော်အား ခွင့်ပန်၍ အိန္ဒိယပြည် ဗာရာဏသီတက္ကသိုလ်သို့ ပညာသင်ကြားရန် ထွက်ခဲ့ကြသည်။ ဗာရာဏသီတွင် ဘစောသီရိက တိုင်းပြည်အုပ်ချူပ်သော စီမံခန့်ခွဲရေးပညာ ၊ စစ်ရေးဆိုင်ရာတို့ကို အဓိကထားသင်ယူခဲ့သည်။မြတ်သာထွန်းမှာ တရားစီရင်ရေးပညာ ဓမ္မသတ်ကျမ်း၊ စစ်ရေး စစ်ရာတို့ကို သင်ယူသည်။ မောင်မြဝါမှာ ဆေးဝါးမန္တာန်၊ ဓာတ်ပြောင်း ဓာတ်ခွာ တို့ကိုသင်ယူလိုသဖြင့် ထိုပညာများကို တတ်သိသောဆရာကိုရှာရန် ဗာရာဏသီမြို့အနီးရှိ မိဂတာုဝန်တောသို့ သွားရောက်ခဲ့သည်။ထိုတောတွင် ရသေ့၊ဇော်ဂျီ၊တာပသီနှင့် ရောဂီများ တရားကျင့်နေသည် ကိုတွေ့ခဲ့ရသည်။ ရသေ့များတရားအာထုတ်မှုကို တစ်ဦးခြင်းလေ့လာ၍ နောက်ဆုံးတွင် ညောင်ကြပ်ပင်၏ပါးပျဉ်းကြီးကြားတွင် ထိုင်လျှက်တရားအားထုတ်နေသော ရသေ့ကြီးတစ်ဦးကိုတွေ့ရလေသည်။မောင်မြဝါမှာ ရူပနိကာယ်၊ သဒ္ဒနိကယ်တို့ကိုကြည့်၍ လူကဲခတ်ကျွမ်းကျင်သဖြင့် မျက်လွှာချ တင်ပလ္လင်ခွေထိုင်၍ လက်မနှင့်လက်သူကြွယ်ကိုထိပြီးလက်ဝါးနှစ်ဘက်ကိုလှန်ကာ ဒူးနှစ်ဘက်ပေါ်တင်ထားသော မုဒြကိုကြည့်ခြင်းဖြင့် မကြာခင်တရားအားထုတ်မှုပြီးမည်ကို သိလေသည်။
မောင်မြဝါသည် ဤရသေ့ကြီးမှာ ပညာရှိဖြစ်မည် ၊တရားအားထုတ်ပြီးအောင် စောင့်ကြည့်က သိနိုင်မည်ဟု အကြံဖြစ်၍ ရသေ့ကြီးတရားခွင်မှထသည့်တိုင်အောင် စောင့်ဆိုင်းနေလေသည်။ရသေ့ကြီးသည် နောက် ၁၅ ရက်ကြာမှ တရားအားထုတ်ရက်စေ့၍ မျက်စိကိုဖွင့်ကြည့်လေသည်။ ရသေ့ကြီးမှာ မစားမသောက်ဘဲ ရက်ပေါင်းများစွာနေသော်လည်း ပိန်ကြုံ ခြင်း၊ညှိုးနွမ်းခြင်းမရှိ၊ပကတိ လူသန်မာတစ်ဦးဖြစ်နေသည်ကို မြင်တွေ့ရ၍ အဟာရသိဒ္ဓိပေါက်ကြောင်းအကဲခတ်မိသည်။မောင်မြဝါသည် ရသေ့ကြီးတရားခွင်မှထစဉ် အမျိုးသမီးများ သစ်သီး၊ထောပတ်တို့ဖြင့် ပူဇော်ကြသည်ကိုတွေ့ မြင်ခြင်းဖြင့် တံခိုးသတ္တိပြည့်စုံရမည်ဖြစ်ကြောင်းမှန်းဆမိခဲ့သည်။
မောင်မြဝါသည် ရသေ့ကြီးထံချဉ်းကပ်ပြီး ရသေ့ကြီး၏ ခြေနှင့်မိမိဦးခေါင်းကိုတိုက်ကာ ရှိခိုး၍ ပညာသင်ပေးရန်တောင်းပန်လေသည်။ရသေ့က ပညာသင်ပေးရန်ငြင်းဆန်သော်လည်း ၁၅ ရက်တိုင်တိုင် ဝတ်ကြီးဝတ်ငယ်များကိုသာ ပြုလုပ်မြဲပြုလုပ်ပေးနေသဖြင့် မောင်မြဝါသည် ပညာသင်ကြားလိုစိတ်ရှိကြောင်းသိသော်လည်း သူ၏ဉာဏ်မီနိုင်မည်ဟုတ်၊မဟုတ်ကို အမေးပုစ္ဆာသုံးခုဖြင့် စမ်းသပ်ခဲ့သည်။ပထမပုစ္ဆာမှာ ဇဝနဖြတ်ထိုးဉာဏ်ရှိ၊မရှိ ။ဒုတိယပုစ္ဆာမှာ စူးရှထက်မြက်သော တိက္ခဉာဏ်ရှိ၊မရှိ ။ တတိယပုစ္ဆာမှာ နက်နဲခက်ခဲသော ဂမ္ဘီရဉာဏ်ရှိ၊မရှိ စမ်းသပ်အောင်မြင်သဖြင့် ထိုသီရိဗိဿနိုးမည်သော ရသေ့ကြီးက ပညာသင်ကြားပေးလေသည်။
သျှင်မြဝါသည် ရသေ့ကြီး ဗိဿနိုးထံတွင် ဓာတ်ပြောင်း၊ ဓာတ်ပြန်အတတ် ၊ ရုပ်ဓာတ်များကိုမြူ လေးပါးဖြစ်သော ရတရေမြူ ၊ ကဇ္ဇာရေမြူ ၊ အဏုမြူ ၊ ပရမာအဏုမြူ စသည်ဖြင့် ဉာဏ်ဖြင့်ခွဲစိပ်ကြည့်ပုံ ၊ ဘူတရုပ်များ စုပေါင်းပြီးသဘာဝရုပ် ၊ ကလာပရုပ်၊ ဃဏရုပ်ဖြစ်လာပုံ၊ ရုပ်ဓာတ်များကိုပေါင်းစည်းပုံ၊ ဖြို ဖျက်ပုံစသောအတတ်ပညာများ၊ ဓာတ်ရိုက်ဓာတ်ငင်အတတ်၊ ယတ္တရာလေးဆယ်၊ ပတ္တရာလေးဆယ်၊ ဝိကြမ္မ သုံးဆယ် စသောလောကီ အတတ်ပညာများကိုသင်ကြားခဲ့လေသည်။ယင်းသို့ပညာသင်ကြားရာဝယ် ၂၃ နှစ်ကြာမြင့်လေသည်။
သျှင်မြဝါပြည်တော်ပြန်ခြင်း[ပြင်​ဆင်​ရန်​]
သျှင်မြဝါသည် ၂၃ နှစ်ကြာပညာသင်ကြားတတ်မြောက်လာသော် မိမိမွေးရပ်သို့ပြန်လိုကြောင်း ဆရာထံလျှောက်ထားလေသည်။ ဆရာရသေ့ က “မောင်မြဝါမပြန်လေနှင့် သင်၏ပညာသည် သင့်တိုင်းပြည်အတွက် အသုံးကျလိမ့်မည်မဟုတ်၊ ငါနှင့်အတူနေ၍ တရားအားထုတ်လော” ဟုတားမြစ်ခဲ့သည်။ သို့သော်လည်းသျှင်မြဝါက“ဆရာသင်ပေးသောပညာကို တပည့်တော် ရခိုင်ပြည်သူပြည်သားများအတွက် အကျိုးရှိအောင် စွမ်းဆောင်ပါမည် ၊ဘာသာ သာသနာတော်များအတွက် အကျိုးရှိအောင် စွန်းဆောင်ပါမည်”ဟုလျှောက်ပန်သောအခါ ဆရာရသေ့ကပြန်ခွင့်ပြုလေသည်။ သျှင်မြဝါအား ရသေ့ကြီးထိုင်သော သရီနွယ်တစ်ခုပေးလိုက်ပြီး အကြောင်းရှိက သရီနွယ်ကို ဓိဌာန်ပြီး ငါ့ထံစေလိုက်ဟုမှာကြားလိုက်လေသည်။
သျှင်မြဝါသည် နောက်သို့ခုနစ်လှမ်းဆုတ်ကာ ဆရာအားကန်တော့ပြီး မိဂဒါုဝန်တောမှထွက်ခဲ့သည်။သျှင်မြဝါသည် သောဠဿ တစ်ဆယ့်ခြောက်တိုင်းကို လှည့်လည်ပြီးမှ ရခိုင်ပြည်သို့ ပြန်ရောက်ခဲ့သည်။ သျှင်မြဝါ မြောက်ဦးသို့ပြန်ရောက်သောအခါ မိမိပညာစသင်ကြားရာ တောင်ညိုတိုက်တွင်သီတင်းသုံးနေခဲ့သည်။ တောင်ညိုတိုက်အနီးရှိ သာရပဗ္ဗတတောင် အနီးတွင်လှိုဏ်ခေါင်းပြုလုပ်ပြီးတရားအားထုတ်ခဲ့သည်။ထိုလှိုဏ်ခေါင်းကို ယနေ့တိုင်သျှင်မြဝါ လှိုဏ်ခေါင်း ဟုခေါ်ကြသေးသည်။

သျှင်မြဝါတိုင်းပြည်အကျိုးသယ်ပိုးခြင်း

သျှင်မြဝါမြောက်ဦးသို့ရောက်ချိန်တွင် အသက်(၃၉)နှစ်ရှိခဲ့ပြီး၊ထိုစဉ် သစောသီရိမှာမြောက်ဦးရွှေနန်းကိုအုပ်စိုးနေချိန်ဖြစ်ပေသည်။ ဘိေဿာကမင်္ဂလာဆင်ယင်ကျင်းပသောအခါ သီရိသူရိယ စန္ဒာမဟာဓမ္မရာဇာ ဟူသောဘွဲ့တော်ခံယူတော်မူခဲ့သည်။မြတ်သာထွန်းအားမဟာ ပညာကျော်ဘွဲ့ကိုပေးပြီးပညာရှိအမတ်အရာဖြင့်ခစားစေခဲ့သည်။ တစ်ခါသော် မင်းဗာဘုရင်သည် ညီလာခံခေါ်ယူကျင်းပခဲ့သည်။ ရခိုင်ဘုရင်များသည် ညီလာခံ သဘင်ကို နံနက်အာရုံတက်ချိန်ကျင်းပလေ့ရှိသည်။ညီလာခံတွင် လက်ဲဝ လက်ယာ မူးမတ်သေနာပတိ လေးဆယ့်ကိုးဦးစီထိုင်ရသည်။ရှေ့တန်းတွင် အတွင်းဝန် ပြင်ပန်လွှတ်တော်ဝန် ၊သုခမိန်၊အိမ်ရှေ့မင်းသားတို့ထိုင်ရသည်။အားလုံးညီလာခံ တက်သူ ၁၀၈ ဦးရှိသည်။ရှင်ဘုရင်က ပလ္လင်တော်မှထိုင်ပြီး တက်ရောက်သူများထံရှေ့ ပြုနေရသည်။ညီလာခံ တက်သူများက ဘုရင်ထံရှေ့ ပြုထိုင်ရသည်။အလယ်၌ အူကြောင်းရှိသည်။ ညီလာခံကျင်းပချိန်မှာ နံနက်အာရုံတက်ချိန်ဖြစ်သဖြင့် အမွှေးနံ့သာထည့်ထားသော ဆီမီးခွက်များကို ခန်းလုံးပြည့်ထွန်းညှိထားရသည်။ရွှေပန်းကန် ၊ငွေပန်းကန် များ၌ ပတ္တမြား ၊နီလာ၊ဥဿဖယား၊စိန်၊ကြောင် စသည်တို့ကိုထည့်ပြီး နံရံပေါ်တင်ထားရသည်။ကျောက်မျက်တို့မှ အရောင်တို့သည် အမိုးတွင် ပြဒါးသုတ်ထားသောမှန်၌ အရောင်တက်ပြီး ရောင်ပြန်ဟတ်သဖြင့် ညီလာခံတစ်ခုလုံးမှာ အရောင်မျိုးစုံဖြင့် ရှုမငြီးအောင် ပဏာရနေပေသည်။
ထိုသို့ညီလာခံကျင်းပရန် စည်တော်နရီမူးကအချက်ပေးပြီးများမကြာမှီတွင် သျှင်မြဝါသည် မောက်ကလိန်တောင်ဝှေးကိုထောက်ကာ ညီလာခံရာခန်းမ၏ ပထမတံခါးဝသို့ရောက်ရှိခဲ့သည်။ထိုတံခါးတွင် ဓားကိုင်သူ ရဲတစ်ဦး၊ လှံစွပ်သူရဲတစ်ဦးစောင့်ကြည့်လျှက်ရှိသည်။၎င်းတို့က မည်သို့မျှ တားမြစ်ခြင်းမရှိသည်ကို မင်းဗာဘုရင်သည် ပလ္လင်ထက်မှမြင်တော်မူသည်။ဒုတိယတံခါး ကိုရောက်သောအခါလည်း အစောင့်သူရဲကောင်းများက တားဆီးမှု မရှိပဲ တကြောင်းချင်းဝင်လာသည်ကိုမြင်နေရသည်။ နောက်ဆုံးတံခါးသို့ရောက်သောအခါ မင်းဗာဘုရင်သည် ပလ္လင်ထက်မှဆင်းပြီးရှိခိုးလျှက်ဆီးကြိုနေလေသည်။ အစောင့်များအတားအဆီးမရှိပဲ ဝင်လာသည်ကို တွေ့သဖြင့်ရန်သူမဟုတ်သည်ကိုလည်း မင်းကြီးသိရှိနေခဲ့သည်။သျှင်မြဝါသည် စကားတစ်ခွန်းမှမဆိုဘဲ ပလ္လင်ပေါ်သို့တက်ထိုင်ပြီး ပလ္လင်ရှေ့တွင်ရပ်၍ရှိခိုးနေသောမင်းဗာဘုရင်အား နဖူးတည့်⁠တည့်ကို တောင်ဝှေးဖြင့်ချိန်ရွယ်ပြီး ဩဇာလေးနက် ပြက်ပြက်ပေါ်လွင်လှသော အသံဩ အသံနက်ကြီးဖြင့် “ဟေ မဟာရာဇာ – သင်သည် အမှန်ပင်မင်းဖြစ်သလော ၊ သို့တည်းမဟုတ်၊ မိန်းမသာလျှင် ဖြစ်နေသလော ငါသည် သင့်အား မိန်းမ မိန်းမ မိန်းမ ဟူ၍သာမြင်၏ ” ဟု ပြောဆိုပြီးလျှင် သျှင်မြဝါသည် ပလ္လင်မှ ဆင်းကာ လာလမ်းအတိုင်း ပြန်သွားခဲ့လေသည်။ ညီလာခံတစ်ခုလုံးတိတ်ဆိတ်ညိုးငယ်သောမျက်နှာဖြင့်ဘုရင်မင်းကိုသာငေးကြည့်နေကြလေသည်။မင်းဗာဘုရင်၏မျက်နှာတော်မှာလည်းရှက်စိတ်ကြောင့်နိန်မြန်းနေပေသည်။ထိုအထဲတွင် မဟာပညာကျော် တစ်ယောက်သှာရွှင်သော မျက်နှာဖြင့် ဘုရင်အား ကြည့်နေလေသည်။မင်းဗာဘုရင်သည် ညီလာခံကိုရုပ်သိမ်းစေပြီး စိတ်မအီမသာဖြင့် လျောင်းတော်ဦးဆောင်သို့သွားကာ သလွန်ညောင်စောင်း၌ လဲလျောင်းအနားယူ ခဲ့သည်။ မဟာပညာကျော်သည် ညီလာခံရုတ်သိမ်းပြီးလျှင်ပြီးချင်း အိမ်သိုပြန်ကာ အမတ်ကြီးအဆောင်အယောင်အဝတ်အစားများကိုချွတ်ပြီး သူဆင်းရဲ အဝတ်အစားများကိုဝတ်၍ ဘုရင်ထံခစားဝင်လေသည်။မဟာပညာကျော်သည် သျှင်မြဝါပြန်သွာ်း်၍ ဘုရင်ကြည့်သောအခါ အခြားသူများကဲ့သို့ စိတ်ညှိုးနွမ်းသောအသွင်ကိုမပြမိဘဲ ပြုံးရွှင်သောအမူအရာကို ပြမိသဖြင့် သျှင်မြဝါနှင့်ကြံရာပါဖြစ်သည် ဟု ဘုရင်က အထင်ရောက်ပြီး အပြစ်ပေးမည်စိုးသဖြင့် ရှင်ဘုရင်သည်သူ့အားမြင်လျှင် စိတ်ပြောင်းသွားရန် အဆင်လွှဲဝတ်ခြင်းဖြစ်သည် ။ မဟာပညာကျော်လျောင်း တော်ဦးဆောင်သို့ဝင်ရောက်သောအခါ မင်းဗာဘုရင်မှာမျက်စိကိုမှိတ်ပြီး တွေးနေခိုက်ဖြစ်သည်။
အခန်းသို့ဝင်သံကြား၍ မျက်စေ့ကိုဖွင့်ကြည့်လိုက်သောအခါ မဟာပညာကျော်ကို ယခင်တစ်ခါမျှ မဝတ်ဘူးသော ထူးဆန်းသောအဝတ်အစားဖြင့်မြင်တွေ့ရ၍စိုက်ကြည့်နေခဲ့သည်။ မင်းဗာဘုရင်သည် လျောင်းနေရာမှထပြီး သလွန်ပေါ်ထိုင်သောအခါ မဟာပညာကျော်သည်မင်းဗာဘုရင်အားဤသို့လျှောက်တင်လေသည်။ ဘုန်းတော်ကြီးလှစွာသောအရှင်မင်းမြတ် ယနေ့နံနက်ညီလာခံသဘင်တွင် ရောက်လာခဲ့သောပုဂ္ဂိုလ်မှာအခြားသူမဟုတ်ပါ၊ အရှင်မင်းမြတ်၏ နောင်တော်သျှင်မြဝါဖြစ်ပါသည်။ ရသေ့အသွင်ပြောင်းနေ၍မမှတ်မိခြင်းသားဖြစ်ပါသည်။ ၄င်းဆိုသောစကားမှာ အလွန်မင်္ဂလာရှိသောစကားဖြစ်ပါသည်။ရခိုင်အမျိုးကို ချစ်လွန်းသဖြင့် ပြောဆိုသောစကားဖြစ်ပါသည်။ အလွန်လည်းကျေးဇူးတင်စရာကောင်းလှပါသည် ဟု လျှောက်ထားလေသည်။
မင်းဗာဘုရင်က မဟာပညာကျော်လျှောက်ထားချက်ကို ပြည့်စုံအောင်နောက်ထပ်လျှောက်တင်ခိုင်းလေသည်။ မဟာပညာကျော်က သျှင်မြဝါ သည် အရှင်မင်းကြီးကို မိန်းမ ဟုခေါ်ရခြင်းမှာ မိန်းမတို့မည်သည် လင်ယောက်ျား၏ အစီအမံအတိုင်းလိုက်နာဆောင်ရွက်ရပါသည်။လင်ယောက်ျား၏ ဧည့်သည်များကို ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံရပါသည်။အရှင်မင်းကြီးသည် လင်ယောက်ကျား၏ဧည့်သည်တာဝန်ကို တာဝန်ကျေအောင်ဧည့်ခံနေသောမိန်းမနှင့်တူနေပါသည်။ ယခုလည်း အရှင်မင်းကြီးသည် စလတ္တာစောမွန်လက်ထက်ကပင် သာသနာပြုရန်ရောက်နေသော မော်လဝီများ ဖြစ်ကြသည့် – ကာဒီ ၊ ဆာဒူခန် ၊ မူရှား တို့အား ဧည့်ဝတ်ကျေပွန်စွာ ထားခဲ့သည်။ ၎င်းတို့သည် ခွင့်ပြုချက်မရှိဘဲ ဗလီများဆောက်၍မူဆလင်သာသနာပြုနေကြပါသည်။အိမ်ရှင်တစ်ယောက်အနေဖြင့်မည်သို့မျှ မကန့်ကွက်လျှင်သဘောတူရာရောက်ပြီး အိမ်ရှင်၏ မယားဝတ် ကျေသလိုဖြစ်နေ၍ သျှင်မြဝါက အရှင်မင်းကြီးအားမိန်းမဟုခေါ်ဆိုခြင်းဖြစ်ပါသည်။ ထိုအခါ မင်းဗာ ဘုရင်က မဟာပညာကျော်အား သို့ဖြစ်လျှင်မည်သို့ဆောင်ရွက်ရမည်ကိုလျှောက်တင်စေသည်။
မဟာပညာကျော်က ဘေးလောင်းတော် မင်းစောမွန်လက်ထက်က သူရတန်မင်းအား ပေးအပ်ခဲ့ရသော ရခိုင်ဒေသဖြစ်သည့် ဘင်္ဂလားနယ်ကိုပြန်လည် သိမ်းယူရရှိအောင်ကြံဆောင်ရပါမည်။ “ကုလားပုစွန် တဆယ့်နှစ်တန်ကိုမကျော်ရ ” ဟူ၍ စကားရှိပါ သည်။ အရှင်မင်းကြီးသည် မင်းစောမွန်မှ စ၍ရေတွက်သော် တစ်ဆယ့်နှစ်ကိုရောက်နေပါသည်။ယင်းကြောင့် ဘင်္ဂလား ၁၂ မြို့ ကို ရရန်သင့်တော်ပြီဖြစ်ကြောင်းတင်လျှောက်ခဲ့သည်။ ထိုအခါ မင်းဗာဘုရင်သည် သျှင်မြဝါပြောသောစကားကို သဘောပေါက်နားလည်လက်ခံကာ မဟာပညာကျော်အား စစ်ချီတက်ရန် စီမံခန့်ခွဲစေပြီး မဟာနန္ဒသူရ ဘွဲ့ရာထူးဖြင့် သက္ကရာဇ် ၈၉၄ ခု ၊တန်ဆောင်မုန်းလပြည့် (၉)ရက်နေ့တွင်စစ်ချီတက်တော်မူပြီး မောက်သူဇာ ၊ ဒက္ကာ ၊ ဂန်ဘီလာ ၊ သီလတ်၊ ပဋိတ္တရား ၊ ဂင်္ဂါသာရ ၊ စစ်တကောင်း ၊ ဂေဏတော်ပလ္လင် ၊ ကံသာ ၊ တိလိင်္ဂါ ၊ ဘာရီဆာရ် ၊ ရောင်ပုရ် ၊ စသော ဘင်္ဂါ(၁၂)မြို့ ကိုချီတက် သိမ်းပိုက်ခဲ့လေသည်။စစ်အောင်နိုင်၍ဘင်္ဂါ (၁၂) မြို့ ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးအပြန်တွင် ဗုဒ္ဓဂါယာမှာကုသိုလ်ကောင်းမှုပြုခဲ့လေသည်။ မဟာဗောဓိ စေတီတော်ကြီးကိုပြန်လည်ပြုပြင် ခဲ့သည် ၊ပြိုပျက်နေသော စေတီပုထိုးတို့မှ မရေတွက်နိုင်အောင်များပြားလှသော ဓါတ်တော် မွေတော်တို့ကို ယူဆောင်ပြီး မြောက်ဦး သို့ယူဆောင်ပြီးပြန်ခဲ့လေသည်။

သျှင်မြဝါသျှစ်သောင်းဘုရားကိုတည်ထားခြင်း

မင်းဗာဘုရင်မြောက်ဦးမြို့သို့ရောက်၍ များမကြာ မှီ ပေါ်တူဂီတို့သည် ရေတပ်အင်အားများစွာဖြင့်မြောက်ဦးကိုတိုက်ခိုက်ရန်ရောက်လာခဲ့ကြသည်။ ၄င်းပေါ်တူဂီရန်ကိုလည်း ရခိုင်ပညာရှိ အရက်သေမ ဆရာတော်က အသက်ကိုစွန့်ပြီး ကြံ ဆောင်သဖြင့်အောင်မြင် ခဲ့လေသည်။ မင်းဗာဘုရင်သည် မဇ္စိုမဒေသမှ ရရှိခဲ့သော ဓာတ်တော်မွေတော်များကို ဌာပနာထည့်၍ စေတီဆောက်ရန်သျှင်မြဝါအားတိုင်ပင်ခဲ့လေသည်။ သျှင်မြဝါ၏ အကြံပြုချက်အရ ဖိုးခေါင်တောင်ကိုညှိလျှက် တောင်ကလပ်တွင် ကြီးစွာသော ပုထိုးတော်ကြီးကို တည်ရန်ပြုပြင်ခဲ့သည်။သျှင်မြဝါသည် ပုထိုးတော်တည်ရန်နေရာမှန်မမှန်သိလို၍ ဆရာရသေ့ကြီး သီရိဗိဿနိုးမှ ပေးလိုက်သော သရီနွယ်ကို စေလွှတ်ပြီး ပင့်ဆောင်ခဲ့သည်။ရသေ့ကြီးရောက်လာသောအခါ လိုအပ်သော အစီအရင်များကို ညွှန်ကြားခဲ့သည်။သျှင်မြဝါသည် ပုထိုးတော်တွင် မဏ္ဍိုင်ငါးရပ်ကိုတည်ထားပြီး တည်ဆောက်ရန် ပန္နက်ကိုချခဲ့သည်။ထိုသို့ပန္နက်ချရိုက်စဉ် အပြည်ပြည်ကို သျှင်ငယ်ရစ်ဝန်းအေးမှုထမ်းဟုမွတ်ဆိုခဲ့သည်။သျှင်ငယ်ပန္နက်ရိုက်အုပ်မြစ်ချ၍ တည်ထားသော ဤပုထိုးတော်ကြီး၏ တန်ခိုးကြောင့် ကမ္ဘာတစ်ခုလုံး အေးချမ်းမှုရှိစေရန် ရည်ရွယ်၍ မွတ်ဆိုခဲ့သည်။ပုထိုးတော်ကြီးကို သက္ကရာဇ် ၈၉၇ ခု ၊ တန်ဆောင်မုန်းလပြည့်နေ့ နေထွက်ချိန်တွင် ပန္နက်ရိုက်တည်ထားခဲ့သည်။ နောင်လာ သျှစ်သောင်းဘုရားများကို ရည်စူး၍ ဓာတ်တော်မွေတော်ပေါင်း အရွယ်အစားအမျိုးမျိုးရှိသည့် ဘုရားဆင်းတုတော်ပေါင်း သျှစ်သောင်းကိုဌာပနာ၍ တည်ထားသောကြောင့် သျှစ်သောင်းပုထိုးတော်ကြီးဟု ခေါ်တွင်စေသည်။
အချို့ သမိုင်းတွင် ဓမ္မခန္ဓာပေါင်းသျှစ်သောင်းလေးထောင်ကို ရည်စူး၍ ဓာတ်မွေတော်ပေါင်း သျှစ်သောင်းလေးထောင်၊ဘုရားဆင်းတုတော်ပေါင်း သျှစ်သောင်းလေးထောင်ကို ဌာပနာ၍ တည်ထားသောကြောင့် သျှစ်သောင်းပုထိုးတော်ကြီးဟု ခေါ်ကြောင်းလည်းဆိုသည်။ကုလား၏ရန်နှင့်ပေါ်တူဂီ၏ ရန်များလည်း အောင်မြင်ခဲ့သည့် အထိမ်းအမှတ် ဖြစ်သဖြင့် ရန်အောင်ဇေယျပုထိုးတော်ကြီးဟုလည်း ခေါ်တွင်ခဲ့သည်။သျှစ်သောင်းပုထိုးတော်ကြီး၌ စနေထောင့်တွင် မင်းဗာဘုရင်သည် လက်ျာဘက်မှ မိဖုရားကြီးစောမင်းနှင့် အခြွေရံများပုံကို ထုလုပ်ထားခဲ့သည်။မင်းဗာဘုရင်၏ အထက်လက်ဲဝဘက်တွင် သျှင်မြဝါ၏ရုပ်ထုကို နံရံကပ်အဖြစ်ထုလုပ်ထားခဲ့သည်။ခြေတော်ရာကို ပုထိုးတော်၏ အတွင်းလှိုင်ဂူတွင် နေရာချထားခဲ့သည်။
သျှင်မြဝါ၏စွမ်းဆောင်ချက်များ[ပြင်​ဆင်​ရန်​]
သျှင်မြဝါသည် သျှစ်သောင်းပုထိုးတော်တည်ထားပြီးမြောက်လျှင် မြို့တော်၌ လုပ်သင့်သည့်ကိစ္စများကိုလုပ်ဆောင်ခဲ့သည်။ အကာကြီးတစ်ရာ၊အကာငယ်တစ်ထောင်တို့ကိုပြု လုပ်စေသည်။မဟာပညာကျော် ၊ အဂ္ဂစိန္တေယျဆရာတော်တို့နှင့် ညှိနှိုင်းပြီး ရှေးဟောင်းဓမ္မသတ်ကျမ်းများကို မှီးပြီး “ ရွှေမျဉ်းဓမ္မသတ်ကျမ်းကြီး ” ကိုပြု လုပ်ခဲ့သည်။၎င်းကျမ်းမှာ အလွန်နက်နဲခက်ခဲသဖြင့် သာမန်လူများဖတ်ရှု၍ နားမလည်နိုင်ချေ။
သျှင်မြဝါသည် မြို့ တော်နှစ်ပေါင်းတစ်ထောင် အရှည်တည်တန့်စေရန် လိုအပ်သော စီမံမှုများကိုပြုလုပ်ပြီး၍ နောက်ဆုံးမြို့ချာတိုင်ကို တည်ရန်စီစဉ်ခဲ့သည်။မင်းဗာဘုရင်၏ နံသင့်ရာအရပ်တွင် မြို့ချာတိုင်ကို တည်ရန်စီစဉ်ခဲ့သည် ။သျှင်မြဝါ ကိုယ်တိုင်မြို့ချာတိုင်ကိုစိုက်ထူခဲ့သည်။ အချိန်စေ့၍ စိုက်ထူပြီးပြီးချင်း ကြာသပတေးနံကို စတေးရန်ကိစ္စပေါ်လာသည်။အချိန်ကလည်းစေ့နေပြီဖြစ်၍ သွားရှာရန်အချိန်မရှိတော့သဖြင့် သျှင်မြဝါသည် မိမိမှာကြာသပတေးသားဖြစ်၍ မိမိကိုယ်တိုင်ပင် စတေးရန်အတွက် ဝမ်းဗိုက်ကိုဓားဖြင့်ထိုးကာ အူကို မြို့ ချာတိုင်၌ရစ်ပတ်ပြီး ၊မိမိသေဆုံးသောနေရာ၌ မြေမြှုပ်သင်္ဂြိုလ်ရန် မှာထားခဲ့သည်။ အူရစ်ပတ်ခြင်းကုန်ဆုံးသည်နှင့်မြေပြင်သို့လဲကျသေဆုံးခဲ့သည်။သျှင်မြဝါသည် သက်တော် (၄၅)နှစ်၊သက္ကရာဇ် (၈၉၉) ခုနှစ်တွင် တိုင်းပြည်အတွက် အသက်ကိုစတေးခဲ့သော အာဇာနည်မျိုးချစ် ပုဂ္ဂိုလ်ဖြစ်ပေသည်။
မင်းဗာဘုရင်မှာ ပညာရှိကြီးတစ်ဦးဆုံးရှုံးသဖြင့် ယူကျုံးမရ ဝမ်းနည်းခဲ့ရသည်။ ရခိုင်ပြည်၏ကျေးဇူးရှင် ပညာရှိကြီးအား မြေတွင်မြှုပ်၍ လူသာမန်ကဲ့သို့ သင်္ဂြိုလ်မှုကို မပြုလုပ်လိုပေ။အခမ်းအနားကြီးစွာပြုလုပ်၍ ဈာပနကိစ္စကို ဆောင်ရွက်လိုကြောင်းပြောလေသည်။ထိုအခါ အချို့ပုဂ္ဂိုလ်များက မင်းဗာဘုရင်၏ ဆန္ဒကိုသဘောတူပြီး၊အချို့ပုဂ္ဂိုလ်များက သျှင်မြဝါမှာခဲ့သည့်အတိုင်း ဆောင်ရွက်ရန် ဆန္ဒပေးကြသည်။
ယင်းကြောင့်နှစ်ဘက်အားပြိုင်ရန် ရထားတစ်ဆူလုပ်၍ နှစ်ဘက်ဆွဲစေသည်။ ဘုရင်၏ဆန္ဒကို သဘောတူသည့်ဘက်မှ အနိုင်ရလေသည်။ ယင်းကြောင့် သျှင်မြဝါအလောင်းကို မီးသင်္ဂြိုလ်သည်။ အရိုးကိုကျောက်ဂူတည်ခဲ့သည်။ သျှင်မြဝါအရိုးဂူမှာ ဘုရားပေါင်းတောင်နှင့်ဆက်စပ်လျှက်ရှိသော တောင်ကုန်းတွင်တည်ရှိသည်။ သိုက်ဆရာများ ဖျက်ဆီးသဖြင့် ဂူပြိုပျက်သွားခဲ့ပါသည်။မြို့သူမြို့သားများမှ ငွေကြေးကောက်ခံကာ ကျောက်ဂူပေါ်တွင် ဘုရားတည်ပြီးထိုစေတီကို သျှင်မြဝါစေတီဟုခေါ်ကြသည်။ယခုအခါ ပြိုပျက်နေသဖြင့် မြို့နယ်သံဃနာယကအဖွဲ့မှအောက်ခြေပစ္စယံ ကိုပြုပြင်ကာ၊ စစ်တွေမြို့မှ လွှတ်တော်ရှေ့နေကြီး ဦးဘသိန်းမောင်မှ သျှင်မြဝါတရားအားထုတ်နေပုံ ကျောက်ဆစ်ရုပ်ထုကို သျှင်မြဝါအသက်စတေးခဲ့သော မြို့ချာတိုင်အနီးတွင် ထုလုပ်ထားခဲ့သည်။

ကျမ်းကိုး

၁။ ဆရာကြီး ဦးဦးသာထွန်း ရေးသော သျှင်မြဝါအကြောင်း လက်ရေးစာမူ
၂။ ရာဇဝင် ဆရာကြီး ဦးသာထွန်းအောင် ရေးသော ရခိုင်မဟာရာဇဝင်တော်ကြီး
၃။ ရမ်းဗြဲတောင်ကျောင်းဆရာတော် အသျှင်စန္ဒမာလာ လက်ရေးဖြင့်ရေးသော ရခိုင်ရာဇဝင်သစ်ကျမ်း
( မှတ်ချက် ။ ။ ၁၃၅၄ ခုနှစ်၊ ဝါဆိုလပြည့်နေ့ တွင် ဦးကျော်ကျော်လှစီစဉ်၍ မြောက်ဦးမြို့ ရခိုင်ယဉ်ကျေးမှုအဖွဲ့ မှထုတ်ဝေသော ရခိုင်အာဇာနည် သျှင်မြဝါ အတ္ထုပ္ပတ္တိ စာအုပ်မှ ထုတ်နှုတ်တင်ပြခြင်းဖြစ်ပါသည်။)

No comments:

Post a Comment

ပြောခဲ့ချင်တာများရှိလျှင် . . .