Monday, January 4, 2016

တိုင်းရင်းသားတွေ ဘာကိုတိုက်နေတာလဲ

တိုင်းရင်းသားတွေ ဘာကိုတိုက်နေတာလဲ
___________________________________


ဤစာစုသည် အမှားအမှန်ဝေဖန်ပိုင်းခြား
ဆင်ခြင်နိုင်သူများ သိရှိမှတ်သားရန်ရည်ရွယ်ပါသည်

- အမှန်က တိုင်းရင်းသားတွေတိုက်ယူနေတာ
မြန်မာတစ်နိုင်ငံလုံး လေးလေးစားစားသီဆိုနေကြတဲ့
ခွင့်တူညီမျှဝါဒဖြူစင်တဲ့မြေ  ဆိုတာလေးအတွက်ပါဘဲ

- အကြောင်းရာတစ်ခုကိုစဉ်းစားလျှင်
ငါ ကိုခဏဖယ်ထားပြီး အပြင်လူတစ်ယောက်အနေနဲ့
စဉ်းစားနိုင်မှ မျှတ မှန်ကန်တဲ့ အဖြေတစ်ခုကို
ရရှိနိုင်ပါမယ်။ စဉ်းစားရာမှာ ငါတွေသိပ်ပါနေရင်
ရလာတဲ့အဖြေဟာလည်း ငါ့ဘက်ကိုဘဲ အလေးသာနေပါလိမ့်မယ်

-  ဗမာနိုင်ငံဟုရှေးကခေါ်ခဲ့သော မြန်မာနိုင်ငံသည်
တိုင်းရင်းသား ၁၃၅ မျိုးဖြင့် ဖွဲ့စည်းထားသော
နိုင်ငံဖြစ်သည်။ ထိုတိုင်းရင်းသားများထဲတွင်
ရခိုင်နှင့်ရှမ်း အမျိုးတော်ချင်မှတော်မည်
ကရင်နှင့်မွန် အမျိုးတော်ချင်မှတော်မည်
အကြောင်းမှာ ထိုလူမျိုးများသည် သီခြားဖြစ်တည်နေကြသောလူမျိုးများဖြစ်သောကြောင့်ပင်
သို့သော် ဗမာဟူသောလူမျိုးသည်
တိုင်းရင်းသား ၁၃၄ မျိုးနှင့် အမျိုးတော်စပ်ပါသည်
အကြောင်းကတော့ ဗမာလူမျိုးသွေးထဲတွင်
ကျန်တိုင်းရင်းသားတို့၏ သွေးများ စီးဝင်ပေါင်းစပ်နေသောကြောင့်ပင်ဖြစ်သည်

ရှင်းဦးအံ့
ကျွန်တော်သမိုင်းဆရာတစ်ယောက်မဟုတ်ပါ
အင်ယာတစ်ဦးမျှသာဖြစ်သဖြင့် ယုတ္တိဗေဒနည်းဖြင့်သာ
ခွဲခြမ်းစိတ်ဖြာပြပါမည်
ဗမာလူမျိုးအစသည် ပျူကစခြင်း ဖြစ်ကောင်းဖြစ်မည်
သို့သော် ပျူလူမျိူးဘယ်ကိုရောက်သွားသနည်း။
ဒိုင်နိုဆောများလို ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်  ပတ်ဝန်းကျင်သဘာဝ မကိုက်ညီ၍မျိုးတုန်းသွားသည်တော့မဟုတ်။ ပုံမှန်အတိုင်း လင်ယူသားမွေးလုပ်နေရင်း လူဦးရေတိုးပွား
လာမည်ဖြစ်သော်လည်း လူမျိုးတစ်မျိုးအမည်မှ
လူမျိုးတစ်မျိုးအမည်သို့ စီးဝင်ပျောက်ကွယ်သွားခြင်းသာ
ဖြစ်နိုင်သည်။ ထိုထိုသော ပျူလုမျိုးတို့သည် ယနေ့တိုင်
သက်ရှိထင်ရှားမျိုးဆက်များ ကျန်နေသော်လည်း
မိမိ၏ မူလဇစ်မြစ် ပျောက်ကွယ်နေကြခြင်းသာ ဖြစ်သည်။

သို့ဆိုလျှင် ပျူလူမျိုးတစ်မျိုးထဲမှ ဆင်းသက်လာသော
ဗမာတို့သည် AD1044 အနော်ရထာနန်းတက်ပြီးနောက်ပိုင်း
မြန်မာနိုင်ငံတွင် အများဆုံးလူဦးရေ ဖြစ်လာရသနည်း။
ထိုခေတ်ထိုအခါက အလွန်အားကောင်းသော
လူမျိုးများဖြစ်သော မွန်၊ ရခိုင် ၊ ရှမ်း လူမျိုးများ ပုံမှန်အတိုင်းလင်ယူသားမွေး လုပ်နေရင်း အဘယ်ကြောင့်
လူဦးရေနည်းပါးလာရသနည်း။ ?

ဒီအထိသဘောထားခြင်းမတိုက်ဆိုင်၍ဆဲလိုလျှင်
ခဏအောင့် ဆက်ဖက်ပြီးမှ ဆဲတော်မူ

စာပေ ယဉ်ကျေးမှု အသာထားလို့
လူမျိုးဖြစ်တည်မှုကိုဘဲ ဒီမှာအရင်ပြောပြပါမယ်

လွန်ခဲ့သော ထောင်ဂဏန်းချီတဲ့ နှစ်တွေမှာ
လူဦးရေစာရင်း လူမျိုးစာရင်း အတိအကျမရှိ
မိမိကိုယ်မိမိပင်ဘာလူမျိုးမှန်မသိသေးတဲ့
အချိန်တုန်းက စလို့ မပြောလို
ယနေ့ ကျွန်တော်လက်လှမ်းမှီသော ခေတ်မှာပင်
အဖေရခိုင် အမေရခိုင် မွေးလာတဲ့ကလေးမှတ်ပုံတင်မှာ
ဗမာဖြစ်သွားရော
အဖေဗမာ အမေကရင် မွေးလာတဲ့ကလေး NRC မှာ
ဗမာဖြစ်သွားရော
အဖေရခိုင် အမေဗမာ
အမေမွန် အဖေကရင်
ဘာတွေက လိုလိုမွေးမွေး မှတ်ပုံတင်မှာ ဗမာဖြစ်သွား
ကြပါသည်။ အဘယ်ကြောင့်နည်း။ ရန်ကုန်မှာ မွန်တွေ ကရင်တွေ ဗမာလုပ်မှ မှတ်ပုံတင်ပေးမယ်ဆိုပြီး တစ်ခါလုပ်ခဲ့သေးတာကို သိသူများရှိပါလိမ့်မည်
တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဗမာဘယ်နှစ်ယောက်
ဖြစ်သွားသည်ကို တော့မသိ။ သေချာသည်ကတော့
ဗမာတွေ တိုင်းခုနစ်တိုင်းအပြင် ၊ ပြည်နယ်တွေမှာပါ
မနည်းမနော များပြားလာသည်ကိုတော့ ငြင်းနိုင်မည်
မထင်။ ဗမာတို့သည် မူဆလင်များလို လူဖောက်သာသနာပြုသော လူမျိုးလည်းမဟုတ်။။
ဗမာရော တိုင်ရင်းသားတွေရော ပုံမှန်ညီတူသော
ကလေးအရေအတွက်သာ မွေးဖွားကြပါလျှက် အဘယ်ကြောင့် တိုင်းရင်းသားလူဦးရေ နည်းပါးလာပြီး
ဗမာလူဦးရေများပြားလာရသနည်း။ အဖြေက ရိုးရှင်းပါသည်။
ဗမာလူမျိုးများထဲတွင် မိမိလူမျိုးအစမထင်ဘဲ
စီးဝင်လာကြသောကြောင့် ပင်ဖြစ်ပါသည်။
ထိုထိုသော မှတ်ပုံတင်များတွင် ဗမာလူမျိုးဖြစ်နေသည်ကိုလည်း
ကိုယ်တိုင်တွေ့မြင်ဖူး၍ ဤစာကိုရေးခြင်းဖြစ်ပါသည်။
သက်သေပြဆိုလည်းပြနိုင်ပါသည်။ ဒါမျိုးတွေ ခဏခဏ မြင်ဖူးသူများလည်း ရှိပေလိမ့်မည်။
တစ်ချိန်က တန်ခိုးထွားတဲ့ မွန်တွေ လူဦးရေ အလွန်နည်းပါး
လာ၍ လူဦးရေစာရင်း စိုးရိမ်းတကြီးပင် လိုက်ကောက်နေရသည့် အခြေအနေဖြစ်လာခဲ့သည်။

ကောင်းပြီ။ ထိုသို့ ဗမာလူမျိုးများပြားလာအောင်လည်း
အုပ်ချူပ်သူ ဗမာအဆက်ဆက် အကွက်ချ၍ စီမံခဲ့ကြသည်။
လူဦးရေ များပြားလာသည့် အတွက်လည်း ဗမာအချို့
၏ စိတ်ထဲတွင် လူမျိုးကြီးဝါဒ တစ်စတစ်စဝင်လာခဲ့သည်။
ထိုသိုဖြစ်လာရန်လည်း ဖန်တီးလာခဲ့ကြသည်။
ကျွန်တော်တို့ ငယ်စဉ်ကတည်းက သိခဲ့တဲ့ Hero တွေ
ဟာ ဘယ်သူတွေလည်း။ ကျန်စစ်သား ဘုရင့်နောင် အလောင်းဘုရား ဒါတွေဘဲသိခဲ့ကြတယ် သိခဲ့ရတယ်။
ကျန်လူမျိူးး ၁၃၄ မျိုးတို့ဟာ သူတို့ ရဲ့ သူရဲကောင်းတွေ
ကြီးကျယ်မြင့်မြတ်မှုတွေ သိရှိခွင့် ဆိတ်သုန်းခဲ့ရတယ်။

စေ့စေ့တွေးကြည့်ရင် တိုင်းရင်းသားခေါ် လူနည်းစုတွေရဲ့ ဘဝဟာ သိပ်ရင်နာစရာကောင်းတယ်။
မြန်မာမြေပုံကို သေချာကြည့်ဖူးရင် မျက်စိထဲ မြင်ယောင်ကြည့်လိုက် ။ ကချင်က ကျောက်စိမ်းထွက်တယ်။
ကရင်က ရွှေထွက်တယ်။ ရှမ်းက ပတ္တမြားကျောက်မျက်တွေ ထွက်တယ်။ ရခိုင်က သဘာဝဓါတ်ငွေ့ထွက်တယ်။
အဲ့ ဒေသတွေကို သင်တကယ်နှံ့နှံ့စပ်စပ်ရောက်ဖူးမှ
ကရင်တွေ နှစ် ၆၀ ပြည်တွင်းစစ်ဘာကြောင့်တိုက်နေရလည်း။ ကချင်တွေ လက်နက်ဘာကြောင့်ကိုင်လဲ ။
လက်နက်ရှိတဲ့သူကိုတော့ ရှိန်တယ်။ အဲ့တော့ မြန်မာ့
အစိုးရရုံးပိတ်ရက်မှာ ကရင်နှစ်သစ်ကူး နေ့ ဆိုတာပါလာတယ်။
နှစ်ပေါင်းများစွာမျှတမှုလေး ပေးကြပါလို့
လူနည်းစုတွေက အုပ်ချူပ်သူလူတန်းစားကို
လူမမာ ထမင်းခြောက်တောင်းသလို တောင်းလာခဲ့တယ်။

အစိုးရက အနက်ရောင် အညိုရောင် သတ်မှတ်ထားတဲ့
နေရာတွေမှာတကယ်ဆိုးနေတာ ဘယ်သူတွေလဲ။ အဲ့ ဒေသတွေမှာ တကယ်နေဖူးသူတွေ သိကြတယ်။
မျှတမှုအတွက် လက်နက်ကိုင်ရမယ်ဆိုတော့ ငွေလိုတယ်။
တိုင်ရင်းသားလက်နက်ကိုင်တွေဟာ အစိုးရမဟုတ်တဲ့
အတွက် အခွန်ဘဏ္ဏာမရှိ။ ဒီတော့ ဘိန်းစိုက်မလား၊
သစ်ခိုးရောင်းရမလား ငွေရမယ့်အလုပ်ကို လုပ်လာကြရတယ်။
အစိုးရဆိုသူတွေကတော့ ထိုဒေသတွေက
မြေပေါ် မြေအောက် ရေပေါ် ရေအောက် သယံဇာတ
က အခွန်ဘဏ္ဏာနဲ့ ပြန်နှိပ်ကွပ်တယ်။

ကျွန်တော်ရခိုင်လူမျိုးပါ။ ရခိုင်လူမျိုးတွေဟာ ၂၀၁၃ မတိုင်ခင်အထိ
မဟာဓါတ်အားလိုင်းဆိုတာကြီးရော ၂၄ နာရီမီးဆိုတာ
ကြီးရောမမြင်ဖူးခဲ့ပါ။ ကျွန်တော်ရှစ်တန်းနှစ် မှာ ကျွန်တော်တို့
အခေါ် ဗမာပြည်ကို ဘုရားဖူးထွက်တော့ ပြည်ကိုရောက်ပါတယ်။
မနက်မိုးလင်းဝါ ဓါတ်တိုင်မှာမီးလင်းနေတာတွေ့တော့
လူကြီးလာတာထင်တယ်လို့ ထင်မိခဲ့ပါတယ်။
ကျွန်တော်တို့ဆီမှာ ည၆ နာရီက ၉ နာရီပြင်ပ လမ်းမီးလင်းရင်
လူကြီးလာလို့ ဒါမှမဟုတ် စက်စမ်းလို့ ဒီနှစ်ခုဘဲရှိပါတယ်။
ဗမာတွေ မီး ၁ ယူနစ်ကို ၂၅ ကျပ် ၅၀ ကျပ် စသဖြင့် သုံးနေချိန်မှာ ရခိုင်ပြည်ရဲ့မြို့ကြီးတွေမှာ ၁ ယူနစ် ၆၀၀ကျပ်ကနေ ၈၀၀ ကျပ်အထိပေးသုံူကြရပါတယ်။
ဒါတောင် gas တွင်း ဖင်ခုထိုင်ပြီး
ဖယောင်းတိုင်ဖိုးမတတ်နိုင်လို့ နေဝင်မီးငြိမ်းစီမံကိန်း
ချမှတ်ထားကြတဲ့ မိသားစု ဒုနဲ့ဒေးရှိပါသေးတယ်။
တောရွာဒေသတွေမှာ ဗမာလိုပြောသံကြားရင်
ထွက်ပြေးတဲ့သူတွေတောင်ရှိသေးကြောင်း
နယ်စပ်ခြံစီးရိုးတာဝန်နဲ့ရောက်ခဲ့ဖူးတဲ့ ဗမာတစ်ယောက်ပြောပြဖူးပါတယ်။
ကြောက်ပါတယ်။ တိုင်းရင်းသားအများစု ကြောက်ကြပါတယ်။ ကြောက်စိတ်ရဲ့နောက်ကွယ်မှာ
မုန်းတီးစိတ်တွေ၊ တော်လှန်လိုစိတ်တွေ ကပ်ပါလာပါတယ်။
ဘာကိုကြောက်ပြီး ဘာကိုမုန်းသလဲ။
ရှင်းပါတယ် ။ မမျှတတဲ့သူမျိူး။ ခွဲခြားဆက်ဆံခံရတဲ့သူမျိုးကို မုန်းတာပါဘဲ။
တိုင်းရင်းသားလူနည်းစု အားလုံးနီးပါး
ခွဲခြားဆက်ဆံတတ်တဲ့ အုပ်ချူပ်သူလူတန်းစားနဲ့ တိုင်းရင်းသားလို့ ပြောလိုက်ရင် ဗမာမပါသလိုထင်နေတဲ့သူမျိုးကို
မုန်းတာပါဘဲ။ တိုင်းရင်းသားအားလုံးရဲ့စိတ်ထဲမှာ ဗမာဟာ
သူတို့နဲ့ သာတူညီမျှဝေမျှခံစာတတ်တဲ့ တစ်မြေတည်းနေ
တစ်ရေထဲသောက် သွေးခြင်းအဖြစ်လက်ခံချင်ပါတယ်။

ဒီကနေ့ တိုင်းရင်းသားတွေတိုက်နေတာ ခွဲခြားဖိနှိပ်
အုပ်ချူပ်သူလူတန်းစားနဲ့ ထိုသူများကြောင့် စွဲကပ်သွားတဲ့
လူမျိုးကြီးဝါဒ ရောဂါအခံရှိသူတွေကို တိုက်နေတာပါ။
ဥပမာ။ ။ ယခင်က ဗမာလူမျိုး ဗမာနိုင်ငံ Burma ဟု
ခေါ်တွင်ခဲ့ရာ ဖဆပလခေတ်တွင် ဗမာလူမျိုးတစ်မျိုး
တည်းကိုအခြေမခံသော တိုင်းရင်းသားအများစုပါဝင်
သော မြန်မာနိုင်ငံဟုသတ်မှတ်ခဲ့သည်။
တိုင်းရင်းသားများ၏ စိတ်ထဲတွင် ယခင်က ဗမာနိုင်ငံ
အခုမြန်မာနိုင်ငံဖြစ်သွားပြီ။ ကချင်လူမျိုး မြန်မာနိုင်ငံသား၊
ကရင်လူမျိုးမြန်မာနိုင်ငံသား၊ ဗမာလူမျိုး မြန်မာနိုင်ငံသား
ဟုသတ်မှတ်ထားခဲ့သည်။ ဗမာလူမျိုးများကလည်း ယနေ့ခေတ်တွင် ဗမာ/မြန်မာ ဟု
အတူတူသတ်မှတ်နေကြပြန်သည်။ မြန်မာလူမျိုး မြန်မာနိုင်ငံသားဟု သိ၍ဖြစ်စေ မသိ၍ဖြစ်စေ
လူမျိုးကြီးဝါဒ၏ တွန်းအားပေးမှုကြောင့်ဖြစ်စေ
ခေါ်ဝေါ်သုံးနှုန်းနေကြပြန်ပါသည်။

ခွင့်တူညီမျှ ဝါဒဖြူစင်ပြီး
တစ်မြေတည်းနေ ညီရင်းအစ်ကိုတွေ
ဖြစ်ဖို့
လူတိုင်းရဲ့အဖုအထစ် mind set တွေ
ပြောင်းလဲပြစ်ဖို့လိုပါတယ်

ဒါတွေပြောနေလို့ ကျွန်တော်ဟာ လူမျိုးရေးခွဲခြားတတ်သူလို့တော့ မထင်လိုက်ပါနဲ့
ဒီမြေက သွေးချင်းတွေဟာ တစ်အူတုန်ဆင်းအဖြစ်
သတ်မှတ်ထားသူပါ
ဒါကြောင့် အကြောင်းအရာတစ်ခုကို
ကြည့်တဲ့အခါ root cause ကိုမြင်အောင်
ကြည့်ပေးကြပါလို့ ဆန္ဒပြုပါတယ်

စေတနာမေတ္တာဖြင့်
Arakan Patriotic
2.1.2016,5:22AM

No comments:

Post a Comment

ပြောခဲ့ချင်တာများရှိလျှင် . . .