Friday, February 5, 2016

ကိုလိုနီခေတ်မြန်မာတိုင်းရင်းသားထဲမှ ပထမဆုံးစစ်တက္ကသိုလ်တက်ခွင့်ရသူ





             
ကိုလိုနီခေတ်တွင် အင်္ဂလန်နိုင်ငံ ဆင်းဒ်ဟတ်စ် ဘုရင့်စစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်၍ မြန်မာတိုင်းရင်းသားများထဲမှ ပထမဦးဆုံး စစ်တက္ကသိုလ်တက်ခွင့်ရသူ
ရခိုင်အမျိုးသား ရဲဗိုလ်ချုပ် ဦးထွန်းလှအောင်
ဦးထွန်းလှအောင်ကို ၁၉၀၂ ဇူလိုင်လ ၂၆ ရက်နေ့တွင် မော်လမြိုင်မြို့၌ ဖွားမြင်သည်။ ဖခင်မှာ ရန်ကုန်တက္ကသိုလ်၏ပထမဆုံးဥပဒေပါမောက္ခ ရခိုင်အမျိုးသား ဦးမေအောင်ဖြစ်ပြီး ဝိုင်အမ်ဘီအေအသင်းဥက္ကဌ ၊နောင်ကိုလိုနီခေတ်ပြည်ထဲရေးဝန်ကြီးအဖြစ်ထင်ရှားသည်။မိခင် ဒေါ်သိန်းမြမှာ စစ်ကဲလေး ဦးထော်လေး၏မြေးဖြစ်သည်။မစ္စစ်လှအောင်ခေါ် မင်းကြီးကတော်ဒေါ်မြမေမှာအဘွားဖြစ်သည်။မောင်ထွန်းလှအောင်မှာ မွေးချင်း၃ယောက်တွင် ဒုတိယသားဖြစ်သည်။အစ်ကိုသတိုးအောင်မှာ ဥာဏ်ပညာထက်မြတ်သော်လည်း ဘီအေနောက်ဆုံးနှစ်တွင် ကွယ်လွန်ခဲ့၍ နှမ မမြစိန်မှာ နောင်အခါ UNအမျိုးသမီးကိုယ်စားလှယ်၊ သမိုင်းပညာရှင် ဒေါ်မြစိန် [M.A'B.Littt( Oxford)] ဖြစ်သည်။
မောင်ထွန်းလှအောင်သည်အသက် ၁၆နှစ်အရွယ် ၁၉၁၈ခုနှစ်တွင် အိန္ဒိယကာကွယ်ရေးတပ်၌ တပ်သားအဖြစ်စတင်အမူထမ်းသည်။ဖခင်ဘက်မှအဘိုး ဦးဘောက်ကေမှာ ဆူဗဒါမေဂျာရာထူးဖြင့် စစ်မူထမ်းတစ်ဦးဖြစ်ရာ ဘမျိုးဘိုးတူဟု ဆိုနိုင်ပါသည်။ ၁၉၂၀ခုနှစ်တွင် စစ်တပ်မှထွက်၍ ရန်ကုန်အစိုးရအထက်တန်းကျောင်း၌ ပြန်လည်ပညာသင်သည်။ ထိုနှစ်မှာပင် တက္ကသိုလ်ဝင်ခွင့် (ဆယ်တန်းစာမေးပွဲ)ကို တစ်ပြည်လုံးတွင် ပထမစွဲ၍ အောင်သည်။ရနောင်းဘုရင်ဆု ချီးမြှင့်ခံရသည်။ ဤဆုကို ဖခင်ဦးမေအောင်နှင့် အစ်ကိုသတိုးအောင်တို့လည်းရှိခဲ့သည်။၁၉၂၀ခုနှစ်မှာပင် အင်္ဂလန်နိုင်ငံ ဆင်းဒ်ဟတ်စ် ဘုရင့်စစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအောင်၍ မြန်မာတိုင်းရင်းသားများထဲမှ ပထမဦးဆုံး စစ်တက္ကသိုလ်တက်ခွင့်ရသူဖြစ်လာသည်။၁၉၂၂ခုနှစ်ဇူလိုင်လတွင် ဘုရင့်စစ်တက္ကသိုလ် သင်တန်းဆင်းပြီး ဒုဗိုလ်ဖြစ်လာသည်။၁၉၂၂မှ၁၉၂၄ခုနှစ်တိုင် အိန္ဒိယကာကွယ်ရေး တပ်ဗြိတိသျှယူနစ်၊မဒရပ်စစ်တပ်၊အမှတ် (၇ )မြင်းတပ်နှင့်၁၉၂၄ခုနှစ်တွင် မန္တလေးအမှတ် (၂၀)ဘားမားရိုင်ဖယ်တပ်ရင်းတို့တွင် အမူထမ်းခဲ့သည်။၁၉၂၆ခုနှစ်တွင် ဖခင်ဖြစ်သူ ပြည်ထဲရေးဝန်ကြီး ဦးမေအောင်ရုတ်တရက်ကွယ်လွန်၍ စစ်တပ်မှနုတ်ထွက်ခဲ့သည်။
၂၇ခုနှစ် မေလ၂၃ရက်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ရာဇဝတ်ဝန်ထောက်အဖြစ် ပြောင်းရွှေ့အမူထမ်းခဲ့သည်။၁၉၂၇ -၂၉ခုနှစ်တွင်ပဲခူး၊တိုက်ကြီး၊အင်းစိန် ရာဇဝတ်ဝန်ထောက်၊၁၉၂၉-၃၀ခုနှစ်တွင်ထိုစဉ်က ခေတ္တဘုရင်ခံ ဆာဂျေအေမောင်ကြီး ၏ကိုယ်ရံတော်အရာရှိ၊၁၉၃၁ခုနှစ်တွင်ရန်ကုန်အနောက်ပိုင်း ရာဇဝတ်ဝန်ထောက်အဖြစ်ဘိန်းမူခင်းများကို အောင်မြင်စွာနှိမ်နင်း၍ နာမည်ကောင်းရလာသည်။၁၉၃၂- ၄၁ခုနှစ်တွင မြန်မာနိုင်ငံစစ်ရဲ ဒုတပ်ရင်းမှူး၊ ရာဇဝတ်ဝန်ထောက်ရာထူးဖြင့်မကွေး၊တောင်တွင်း၊မန္တလေး၊မိတ္ထလာတို့တွင်အမူထမ်းသည်။ထိုသို့စစ်မူထမ်းနေစဉ် တာဝန်ကျရာဒေသ၊မြို့ရွာများတွင်ဘာသာရေးအဖွဲ့၊လူမူရေးအဖွဲ့၊လူငယ်များကြီးပွားရေးအဖွဲ့များကိုဦးဆောင် ၍ဘာသာရေးနှင့်လူမူရေးလုပ်ငန်များဆောင်ရွက်သည်။မန္တလေး မျက်ပါးရပ် ရဲတပ်အတွင်းရှိ အောင်ဓမ္မာရုံသည် ဦးထွန်းလှအောင် ဦးဆောင်တည်ဆောက်ခဲ့သည် ဓမ္မရုံဖြစ်သည်။
ဒုတိယကမ္ဘာစစ်မီးကူးလာချိန်၁၉၄၁ခုနှစ်စက်တင်ဘာ၂၅တွင်စစ်တပ်၌ ပြန်လည်အမူထမ်းရန် ဆင့်ခေါ်ခံရ၍ ဒုတိယဗိုလ်မှူးကြီးရာထူးဖြင့် မြို့ပြကာကွယ်ရေးတပ်များ၏ ဦးစီးချုပ်အဖြစ် ဗြိတိသျှအစိုးရကတာဝန်ပေးအပ်ခဲ့သည်။ဂျပန်ခေတ်တွင် ဂျပန်တို့၏ဖမ်းဆီးမူခံရပြီး (၂)နှစ်တိတိ အကျဉ်းချခံရသည်။ စစ်ပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ ခရိုင်ရဲဝန်၊ရဲဝန်ထောက်၊ရဲတပ်ရင်းမှူးအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ခုနှစ်ဇွန် ၄တွင် စီအိုင်ဒီစုံထောက်မင်းကြီး ခေါ် ဒုတိယရဲချုပ်အဖြစ် ရာဇဝတ်မူ စုံစမ်းစစ်ဆေးရေးဌာန (စီအိုင်ဒီ)အကြီးအကဲဖြစ်လာသည်။ အကြီးအကဲအဖြစ်တာဝန်ယူနေစဉ် ၁၉၄၇ဇူလိုင် ၁၉ရက်နေ့ နံက်ပိုင်း၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရကက်ဘိနက်အဖွဲ့ဝင်ဝန်ကြီး များ အတွင်းဝန်ရုံး၌လုပ်ကြံခြင်းခံရသည်။ ဦးထွန်းလှအောင်သည် ၂၄နာရီအတွင်း နိုင်ငံတော်လုပ်ကြံမူကြီးကို ဦးဆောင်သူဂဋ္ဌုန်ဦးစောနှင့်တပည့်လူသတ်သမားများကို ဖော်ထုတ်အရေးယူခဲ့သည်။တရားခံများကိုဖမ်းဆီးပြီးနောက် အင်းစိန်ထောင်အတွင်းရှိ လုံခြုံရေးအတွက် နောင်တွင်ခမည်းခမက်တော်မည့် အိုင်စီအက်စ်ဝန်ထမ်း ဦးသောင်းစိန်နှင့်အတူ ပူးတွဲတာဝန်ယူခဲ့ရသည်။
၁၉၄၈ခုနှစ် ဇန်နဝါရီ ၄တွင်မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက်ရဲဗိုလ်ချုပ်အဖြစ် လွတ်လပ်စ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဦးဆောင်ခဲ့ရသည်။ ရဲဗိုလ်ချုပ်တာဝန်ထမ်ဆောင်နေစဉ် နိုင်ငံတော်၏ ပစ္စည်း၊အသက်စည်းစိမ်နှင့်တရားမျှတမူကို အသက်ပေး၍ကာကွယ်မည်ဟု ၁၉၄၈ခုနှစ်ဧပြီ၅ရက်နေ့ သတင်းစာများတွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုစဉ်က အတွင်းဝန်ချုပ် အိုင်စီအက်စ် ဦးကာစီ၊နိုင်ငံခြားရေးဝန်ကြီး ဦးတင်ထွဋ်၊ကာကွယ်ရေးဝန်ကြီး ဗိုလ်လကျာ်တို့နှင့်အတူ ပြည်တွင်းဆူပူမူများပြင်းထန်၍ အစိုးရအဖွဲ့မှ ဆိုရှယ်လစ်ပါတီခေါင်းဆောင်များ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။၁၉၄၈ဇူလိုင်လ၁၀ရက်နေ့တွင် ဗိုလ်လကျာ်သည် အစိုးရအဖွဲ့မှနုတ်ထွက်ခဲ့သည်။ ထိုနှစ်စက်တင်ဘာလ ၁၇ရက်နေ့တွင် အရန်တပ်မင်းကြီး အိုင်စီအက်စ် ဦးတင်ထွဋ် လုပ်ကြံခံရသည်။ ၁၉၄၈နိုဝင်လာလတွင် ဦးထွန်းလှအောင်သည် အင်္ဂလန်နိုင်ငံသို့ စစ်သံမှူးအဖြစ် ပြောင်းရွှေ့တာဝန်ပေးခံရသည်။
စစ်သံမှူးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် လန်ဒန်ဗုဒ္ဓဘာသာဝိဟာရ အသင်းကြီးတွင် ဒုတိယဥက္ကဌ၊အတွင်းရေးမှူးတာဝန်များယူ၍ ဥရောပတွင် ဗုဒ္ဓသာသနာပြန့်ပွားရေးအတွက် ဆောင်ရွက်ခဲ့သည်။ ၁၉၅၀ပြည့်နှစ်ဧပြီလတွင် စစ်သံမှူးရာထူးမှ အငြိမ်းစားယူသည်။အငြိမ်းစားယူပြီးနောက် မြန်မာပြည်သို့ သင်္ဘောနှင့်ပြန်လာရာ သီရိလင်္ကာအရောက် ပြန်လာခွင့်တညးဆီးခံရ၍ ယင်းတွင် ၁၉၅၀မှ ၁၉၅၆ခုနှစ်တိုင် နေထိုင်ခဲ့ရသည်။ ထိုသို့သီရိလင်္ကာတွင်နေထိုင်စဉ် ၁၅ရက်တကြိမ် အင်္ဂလိပ်ဘာသာဖြင့် The Buddhist Worldစာစောင်နှင့် သီဟိုဘာသာဖြင့် ဗုဒ္ဓဓမ္မလောက စာစောင်များထုတ်ဝေ၍ သာသနာပြုသည်။ သီရိလင်္ကာနိုင်ငံတွင်ကျင်းပသည့် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓဘာသာညီလာခံ ၁၉၅၀ကို လန်ဒန်ဗုဒ္ဓဘညသာအသင်းကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။
၁၉၅၆တွင် မြန်မညပြည်သို့ပြန်လာခွင့်ရသည်။ရန်ကုန်မြို့ရွှေတိဂုံဘုရားလမ်း အမှတ်၈၆နေအိမ်၌ ဗုဒ္ဓဓမ္မသာသနာပြု အဖဲ့ကို ဦးဆောင်တည်ထောင်ခဲ့သည်။ဤအဖွဲ့သည် ဦးထွန်းလှအောင်၏အဖွား မင်းကြီးကတော် ဒေါ်မြမေ ၁၈၅၆ -၁၉၄၅ ငွေထိန်းအဖြစ် တာဝန်ယူတည်ထောင်ခဲ့သည့် ဗုဒ္ဓသာသနာ့သမဂ္ဂ ၁၉၀၂ကို အမှတ်တရပြန်လည်တည်ထောင်ခြင်း ဖြစ်သည်။ဦးထွန်းလှအောင်သည် ဦးဘချစ်တင်၏ အင်္ဂလိပ်သတင်းစာ The Burmanတွင်လည်း အချိန်ပိုင်းအယ်ဒီတာအဖြစ် ဆောင်ရွက်၍ ဗုဒ္ဓဓမ္မ စာစောင်ကိုထုတ်ဝေခဲ့သည်။ ထို့ပြင် ဝိုင်အမ်ဘီအေအသင်း၏ ဒုဥက္ကဌ ဗုဒ္ဓဘာသာအသင်း ပုညကုသလအဖွဲ့၏ နာယကတာဝန်များလည်းထမ်းဆောင်ခဲ့သည်။ ဗုဒ္ဓဇယန္တီကဲ့သို့ ဗုဒ္ဓသာသနာအကြောင်း အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။
ဦးထွန်းလှအောင်သည် ပထမဆုံးပြည်ထဲရေးဝန်ကြီး ဆာမောင်ခင်၏သမီး ဒေါ်ခင်ခင်အေး နှင့်လက်ထက်၍ သား မောင်ခင်အောင် ၊သမီး မခင်သီတာတို့ထွန်းကားခဲ့သည်။ဇနီးဒေါ်ခင်ခင်နှင့် သမီး မသူဇာမြင့် ( ဓမ္မဗျုဟာစာစောင်)ထွန်းကားသည်။ ဒေါ်ခင်ခင်မှာ အမိန်တော်ရ အထက်တန်းရှေ့နေ ဦးဘကြည်၊ဒေါ်ညွန့်တို့၏သမီးဖြစ်၍ ၁၉၄၄တွင်ကွဟ်လွန်ခဲ့ပါသည်။ ဦးထွန်းလှအောင်သည် ၁၉၆၀ ခုနှစ် မေလ ၁၄ ရက်နေ့ စနေနေ့ည ၁း၁၅တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်ခဲ့ပါသည်။

မှတ်ချက်။ ။မြန်မာလူကျော် ၁၀၀ (ဒုတိယစာအုပ်)မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment

ပြောခဲ့ချင်တာများရှိလျှင် . . .